မော်လမြိုင်၊ ဇွန်၂၇

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် သုံးလအတွင်း စစ်ကောင်စီရဲ့ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့ကနေ ဇွန် ၂၀ ရက်နေ့အတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆၂၂ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဟာ ၁၄၁ ကြိမ်နဲ့ အများဆုံး လေ ကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၅၀၁ ဦး သေဆုံးခဲ့ပြီး ၁၀၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲမှာ ကလေးငယ် ၇၆ ဦး ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နေပြည်တော်ကလွဲပြီး တိုင်းနဲ့ပြည်နယ်အားလုံးမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အများစုဟာ အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

BNI – Myanmar Peace Monitor ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် မတ်လကစတင်ကာ လေ ကြောင်း တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က စတင်အသုံးပြုခဲ့ပြီး အဲဒီကနေတပ်စခန်းတွေ တပ်ဖွဲ့ဝင်တွေ အများအပြား ဆုံးရှုံးလာချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားပြုလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလတလျှောက် အခုနှစ် ဧပြီ ၂၂ ရက်နေ့အထိ စစ်‌ကောင်စီရဲ့ အားကိုးရာဖြစ်တဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၂၀၉၀ ကျော်ရှိခဲ့ပြီး အရပ်သားပြည်သူ ၂၁၅၀ နီးပါး သေဆုံးခဲ့ရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.