ဝါရှင်တန်၊ ဇွန် ၂၅
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန် တိုက်ခိုက်မှုက တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းကို လပိုင်းလောက်ပဲ ဆုတ်ယုတ်သွားစေလိမ့်မယ်လို့ အမေရိကန် ထောက်လှမ်းရေးရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုက ဖော်ပြထားကြောင်း အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာနသို့ ပြောကြားထားပါတယ်။
အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ ၁၈ ခုထဲက တစ်ခု ဖြစ်ပြီး အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ အဓိက ထောက်လှမ်းရေး လက်တံ တစ်ခုဖြစ်တဲ့ ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီရဲ့ ကနဦး အစီရင်ခံစာက လျှို့ဝှက်ကိစ္စတွေ အကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် နှစ်ခုကို ကိုးကားထားပါတယ်။

အီရန်အနေနဲ့ တိုက်ခိုက်ခံခဲ့ရပေမယ့် လပိုင်းအတွင်း သူတို့ရဲ့ နျူကလီးယားစီမံကိန်းကို ပြန်စတင်နိုင်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။
သတင်းရင်းမြစ် တစ်ခုကတော့ အီရန်အနေနဲ့ တစ်လ သို့မဟုတ် နှစ်လ အတွင်း နျူကလီးယားစီမံကိန်း ပြန်စတင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီထောက်လှမ်းရေး အစီရင်ခံချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချထားပြီး မိမိတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယား ဗုံးထုတ်လုပ်နိုင်တဲ့ စွမ်းရည်ကို လျော့ပါးသွားစေခဲ့တယ်လို့ ကုလသမဂ္ဂကို ပြောထားပါတယ်။
အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို ဖျက်စီးနိုင်ခဲ့တယ်လို့ ထရန့်ရဲ့ ပြောဆိုမှုအပြီးမှာ အခုလို ထောက်လှမ်းရေး အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက အဲဒီ ထောက်လှမ်းရေး အစီရင်ခံစာဟာ လုံးဝ မှားယွင်းနေတယ်လို့ တုံ့ပြန်ပါတယ်။
နိုင်ငံတကာ အဏုမြူ စွမ်းအင်စောင့်ကြည့်ရေး အေဂျင်စီကလည်း အီရန်ကို အမေရိကန် တိုက်ခိုက်ပြီးနောက်ပိုင်း ရေဒီယိုသတ္တိကြွမှုတွေ မတွေ့ရဘူးလို့ ပြောထားတာကြောင့် အီရန်ဟာ အမေရိကန် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာကတည်းက သူတို့ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို လျှို့ဝှက်နေရာတွေဆီ ပြောင်းရွှေ့ထားပြီး ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Ref:Reuters