နေပြည်တော် ၊ ဇွန် ၂၆

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာကနေတဆင့် ကော်မရှင်ရဲ့ လုပ်ဆောင် ချက်တွေကို လူထုတွေ မှန်မှန်ကန်ကန်သိရှိနိုင်အောင် ပူးပေါင်းကူညီပေးစေလိုတယ်လို့ စစ်ကောင် စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအောက်မှာ ဖွဲ့စည်းရပ်တည်နေတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဇွန် ၂၄ ရက်နေ့မှာ နှစ်ဘက် ဥက္ကဋ္ဌတွေ အဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှုအတွင်း ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်ချက်တွေ ပြည်သူလူထုကို အသိပေးရမယ့် အကြောင်းအရာတွေကို အသိပေးနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီတို့ ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

ကော်မရှင်အနေနဲ့ ဘယ်ပါတီကိုမှ ဘက်မလိုက်ဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး မီဒီယာကောင်စီအနေနဲ့လည်း ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းမီဒီယာကနေတဆင့် ကူညီပေးဖို့ သူကပြောကြားခဲ့တာပါ။

လက်နက်ကိုင်တိုက်ပွဲတွေကြား လူထုစိတ်ဝင်စားမှု အားအနည်းဆုံးဖြစ်နေတဲ့ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ နှောင်းပိုင်းကာလတွေမှာ ကော်မရှင်နဲ့ မီဒီယာကောင်စီတို့ ဝါဒဖြန့် လှုံ့ဆော်မယ့်သဘောလို့ နားလည်ရပါတယ်။

မီဒီယာကောင်စီကတော့ မြန်မာသတင်းမီဒီယာသမားတွေအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်တွေက သတင်းမီဒီယာဆိုင်ရာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ကိစ္စရပ်တွေကို အကြုံပြုခဲ့ကြတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်တွင်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ စစ်ကောင်စီရဲ့ အမိန့်ညွန်ကြားချက်အရ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို စစ်တပ်ကျော်ထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီဝင်နဲ့ စစ်တပ်အသိုင်း အဝိုင်းက ပုဂ္ဂိုလ်တွေအပါအဝင် အဖွဲ့ဝင် ၂၅ ဦးနဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ စစ်ကောင်စီက သတင်းဌာနတွေကို လိုင်စင်ပိတ်သိမ်းတာ၊သတင်းထောက်တွေကို ဖမ်းဆီးတာ၊တရားစွဲဆိုပြီး ထောင်ချတာနဲ့ သတ်ဖြတ်တာတွေအပြင် သတင်းလွတ်လပ်ခွင့်တွေကို ကန့်သတ်ပိတ်ပင်နေတာ ဖြစ်ပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ အချက်အလက်တွေအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်ဟာ ၁၆၉ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် နည်းပါးတဲ့ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ အခုနှစ် မေ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.