ရေး၊ ဇွန် ၂၆
မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာမှာ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စံပြကျေးရွာနေ အသက် ၅၀ အရွယ် ဦးအညာဆိုသူကို သေနတ်သမားတွေက နေအိမ်မှာ ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးအညာဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင် ဒဏ် ရာ သုံးချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ပြောပြချက်အရ ဦးအညာဟာ သာမန်ကျဘမ်း လုပ်သားတစ်ဦးဖြစ်ပြီး ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ဦးအညာရဲ့ ရုပ်အလောင်းကိုတော့ ဒေသခံပရဟိတအသင်းက လမိုင်းဆေးရုံကို ပို့ဆောင်ပေးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့လုပ်ဆောင်တာ မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ