“စစ်ကောင်စီဘက်မှာလည်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ဖို့အနေအထား ရှိတယ်။ တော်လှန်ရေးဘက်ခြမ်းကလည်း ရွေးကောက်ပွဲကို သဘောမတူတဲ့ အတွက် ရအောင် ကန့်ကွက်မယ့် အနေအထားရှိတယ်။ နှစ်ဖက်တင်းကြပ်မှုကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်” – နိုင်မရော့မွန် (SBHN ပြောခွင့်ရ)
မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသတခွင်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့မေလအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို စစ်မက်မဖြစ်ပွားတဲ့ ဒေသတချို့မှာ စစ်မှုထမ်းသင်တန်း တိုးမြှင့်ခေါ်ယူတာတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့မေလကုန်ပိုင်းကစလို့ မွန်၊ ကရင်၊ တနင်္သာရီ ဒေသ ၃ ခုလုံးမှာ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးအရေးယူမှုတွေ စတင်လာခဲ့လို့ ပြည်သူတွေမှာ တစ်ပူပေါ် နှစ်ပူဆင့် အကြပ်အတည်းရောက်ခဲ့ရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေရဲ့ အကျင့်ပျက် လာဘ်စားမှုတွေကလည်း ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။
အဲဒီဒေသ ၃ ခုမှာ ပြီးခဲ့တဲ့ မေလအတွင်း ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ။ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအပါအဝင် ဘယ်လိုအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ဘယ်လို အခြေအနေ ရှိနေသလဲဆိုတာ သိရဖို့ မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက် (SBHN) ရဲ့ ပြောခွင့်ရ နိုင်မရော့မွန်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီတို့မှာ စစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေးအရ ဖိနှိပ်မှုတွေက ဘယ်လိုအခြေအနေမျိုး ရှိနေလဲ။ (ပြီးခဲ့တဲ့ မေလ အစီရင်ခံစာအရရော လက်ရှိအခြေအနေရောပေါ့)
ဖြေ – စစ်ကောင်စီရဲ့နိုင်ငံရေး ဖိနှိပ်မှုတွေကတော့ မွန်၊ ကရင်၊ တနင်္သာရီစတဲ့ဒေသတွေမှာ သူ့နေရာနဲ့သူ တမျိုးမဟုတ်တမျိုး ခံစားနေကြရတယ်။ အထူးသဖြင့် တိုက်ပွဲပြင်းထန်တဲ့ဒေသမှာကျတော့ ခံစားနေရတာတွေ့ရတယ်။
တိုက်ပွဲဖြစ်ပွားမှုနည်းတဲ့ ဒေသတွေမှာကျတော့ အဲဒီလို နည်းနဲ့ခံစားနေကြရတာကို တွေ့နေရတယ်။ မွန်ပြည်နယ်မြောက်ပိုင်းမှာဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းကျတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေက အတော်အသင့်ရှိတယ်။
တခြားတဖက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေတော့ ခဏခဏရှိတယ်။ ဗုံးကြဲတိုက်ခိုက်တာတို့ လေယာဉ်နဲ့တိုက်ခိုက်တာတို့ကျ သူတို့လုပ်ဆောင်နေတာကို တွေ့ရတယ်။
တိုက်ပွဲဖြစ်ပွားမှုနည်းတဲ့ ပေါင်တို့ သထုံ၊ မော်လမြိုင်၊ ကျိုက်မရောတို့က စစ်ပွဲဒဏ်တွေကျတော့ ခံစားရမှုနည်းတယ်။ တခြားတဖက်မှာ စစ်ကောင်စီရဲ့စစ်မှုထမ်း သင်တန်းအတွက် စစ်သားစုဆောင်းရေးမှာကျတော့ စုဆောင်းခံရတာတွေ တွေ့ရတယ်။
မော်တော်ယာဉ်လိုင်စင်ကို လိုက်ဖမ်းတဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ သွားလာရေးဆိုင်ရာ ကိစ္စများက အတော်လေးအခက်အခဲဖြစ်တာ တွေ့ရတယ်။
ရေးမြို့နယ်မှာကျတော့ တိုက်ပွဲဖြစ်ပွားတာ နည်းနည်းလျော့တယ်လို့ ပြောရမယ်။ စစ်ဘေးရှောင်တွေကျတော့ အနည်းအကျဉ်းနေရပ် ပြန်နိုင်တဲ့အနေအထားရှိတယ်။ ရေးမြို့မှာ သွားလာရေးဆိုင်ရာ ကန့်သတ်ထားတာ တွေ့ရတယ်။ ခရီးသွားပြည်သူတွေက အတော်လေးကို အခက်အခဲဖြစ်တာ တွေ့ရတယ်။
တနင်္သာရီတိုင်း လောင်းလုံးနဲ့ ရေဖြူကျတော့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုက ဆက်လက်ပြင်းထန်နေပြီး နေရပ်စွန့်ခွာ သူတွေ တော်တော်များလာတာ တွေ့ရတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မှာကျတော့ တိုက်ပွဲဖြစ်ပွားမှုအနည်းငယ် ဖြစ်ပေါ်ပြီးတော့ နေရပ်စွန့်ခွာတဲ့ သူတွေအနေနဲ့ လုံခြုံစွာ ပြန်လာခြင်းမရှိသေးတာကို တွေ့ရတယ်။
ကြာအင်းဆိတ်ကြီးမှာကျတော့ တိုက်ပွဲဖြစ်ပွားမှု တော်တော်လေးလျော့သွားတာ တွေ့ရတယ်။ နေရပ်စွန့်ခွာတဲ့သူတွေ အများစုက ပြန်လာနိုင်ခြင်း မရှိသေးဘူးပေါ့။
တချို့ကတော့ သူအဆင်ပြေတဲ့နေရာမှာ နေလိုက်တယ်။ လူအနည်းငယ်သာ နေရပ်ကို ပြန်လာနိုင်တဲ့ အနေအထားမှာရှိနေတယ်။
မေး – ဒီအပေါ် အဲဒီဒေသတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေ ဘယ်လိုမျိုး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ – နေရပ်ရှောင်နေရသူတွေအနေနဲ့ တကယ့်ကို မိုးရာသီမှာ တော်တော်လေးကို အကြပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ ဘာကြောင့်လဲဆို ဒီစစ်ဘေးရှောင်တွေအနေနဲ့ ကိုယ့်လုံခြုံရာဒေသဖြစ်တဲ့ တောတောင်နဲ့ တခြားနေရာတွေမှာ နွေရာသီထက်စာရင် မိုးရာသီက ထီးမိုးအကာအတွက် လူတွေအများကြီးမှာ လိုအပ်နေတယ်။
စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေလည်း တော်တော်ရှိနေတယ်လို့ သိရတယ်။ စစ်ဘေးရှောင်တွေမှာ ရာသီတုပ်ကွေးလို့ရောဂါတွေ အဖြစ်များနေတာ တွေ့ရတယ်။ သူတို့နေရပ်ပြန်မရတော့ စိုက်ပျိုးရေးလုပ်ငန်းတွေ သူတို့မလုပ်နိုင်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေ အများကြီးထိခိုက်တာကို တွေ့ရတယ်။
သာမန်ပြည်သူတွေ သူတို့ဒေသမှာတိုက်ပွဲဖြစ်တယ်။ စစ်ဘေးမရှောင်ရပေမယ့် စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် နောက်ဆက်တွဲတွေ အများကြီးခံစားရတယ်။ လူငယ်တွေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် သွားလာရခက်ခဲတယ်။
ရေးမှာ လိုင်စင်မဲ့ကားတွေ အများစု စီးတယ်။ စစ်ကောင်စီရဲ့ မော်တော်ဆိုင်ကယ်လိုင်စင်ကြောင့် ကန့်သတ်တားမြစ်လိုက်တော့ သူတို့အတော်လေး အခက်ခဲဖြစ်တယ်။ သွားလာရေး တင်းကြပ်လိုက်လို့ ရေးမြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်။ စားဝတ်နေရေးတွေ အတော်လေးထိခိုက်တာကို တွေ့ရတယ်။
စကစက စားသုံးဆီနဲ့ရိက္ခာသယ်တာကို ကန့်သတ်တာတွေ့ရတယ်။ စိုက်ပျိုးရေးခြံသမားတွေ ခြံရှင်းဖို့ ဓာတ်မြေဩဇာသယ်တာတို့ အတွက် စကစကသွားလာရေးကန့်သတ်တော့ ရေးမြို့နယ်က ခြံသမားတွေ အတော်လေးခက်ခဲနေတာ တွေ့ရတယ်။ သွားလာရေးကန့်သတ်တော့ ဒေသခံတွေ ဈေးကောင်းမရတဲ့ အနေအထားတွေ့ရတယ်။
မေး – လက်ရှိမှာရော ဒေသတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ စစ်ကောင်စီတို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲက ဘယ်လောက်အထိ ပြင်းထန်လာနေပြီလဲ။
ဖြေ – လက်ရှိ မြန်မာပြည်တောင်ပိုင်းမှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီအကြား တိုက်ပွဲအနည်းငယ် ပြင်းထန်လာမယ်လို့ ကျွန်တော် ထင်တယ်။
စစ်ကောင်စီဘက်မှာလည်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ဖို့အနေအထား ရှိတယ်။ တော်လှန်ရေးဘက်ခြမ်းကလည်း ရွေးကောက်ပွဲကို သဘောမတူတဲ့ အတွက် ရအောင် ကန့်ကွက်မယ့် အနေအထားရှိတယ်။ နှစ်ဖက်တင်းကြပ်မှုကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။
အခုလက်ရှိတော့ မွန်ပြည်နယ်အထက်ပိုင်း ဘီးလင်းတို့ ကျိုက်ထိုတို့ဘက်ခြမ်းမှာ တော်တော်လေးကို အခြေအနေဆိုးတဲ့အထဲမှာ ပါနေတယ်။ ဇွန်၊ ဇူလိုင်လောက်မှာဆိုရင်တော့ မွန်ပြည်နယ်အလယ်ပိုင်း မုဒုံ၊ သံဖြူဇရပ်မှာကျတော့ တိုက်ပွဲဖြစ်ပွားမှု အလားအလာတော့ ကောင်းတယ်။ ရေး၊ ရေဖြူတို့ဘက်ခြမ်းမှာကျတော့ တိုက်ပွဲပြင်းထန်လာမယ်လို့ ယူဆတယ်ပေါ့။
မေး – ထိတွေ့တိုက်ပွဲကြောင့် ဒေသတွင်းနေ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်မှုကရော ဘယ်လိုအခြေအနေမှာ ဆက်ရှိနေမလဲ၊ ဘာတွေ လိုအပ်နေကြမလဲ။
ဖြေ – အခုလက်ရှိ စစ်ဘေးရှောင်တွေက အဆင်ပြေမယ့်နေရာ တောတောင်၊ ခြံတွေမှာ ခိုလှုံနေတယ်။ အများစုကတော့ ဆေးဝါးတို့ စားနပ်ရိက္ခာတို့ အမိုးအကာတို့တော့ အရေးပေါ်လိုအပ်လျက်ရှိနေတယ်။ အခုလို ရာသီကာလမှာ ရာသီတုပ်ကွေးနဲ့ရင်ဆိုင်နေရတယ်။
တချို့ စစ်ဘေးရှောင်တွေလည်း အသက်သေဆုံးနေရတယ်။ နှစ်ဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်လာမယ်ဆိုရင် သူတို့နေရပ်ပြန်လာဖို့ တော်တော်လေး ခဲယဉ်းမယ်လို့ ယူဆရတယ်။
မေး – ဒီအခြေအနေတွေအပေါ် မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက် SBHN အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ဘေးသင့်ပြည်သူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ တိုက်တွန်းချက်အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိနေပြီလဲ။
ဖြေ – ကျွန်တော်တို့အနေနဲ့ USAID ရပ်သွားပြီးတဲ့နောက်မှာတော့ နိုင်ငံတကာက အကူအညီတွေ တော်တော်နည်းသွားတာ တွေ့ရတယ်။မွန်ပြည်နယ်မြောက်ပိုင်း တနင်္သာရီမြောက်ပိုင်းက ပြည်သူတွေ တော်တော်ဒုက္ခရောက်နေတာ တွေ့ရတယ်။
ကျွန်တော်တို့ နိုင်ငံတကာအဖွဲ့တွေကို အကူအညီတောင်းဆိုချင်ပါတယ်။ အကူအညီပေးတဲ့အခါမှာလည်း စကစတွေကို မကျော်ဖြတ်ဖို့နဲ့ လွတ်လပ်တဲ့ တိုင်းရင်းသားလူမျိုးအခြေပြု အဖွဲ့အစည်းတွေကို တဆင့်ပေးနိုင်ပါတယ်။ အာဆီယံကလည်း CSO ကနေတဆင့် တိုင်းရင်းသားမျိုးနွယ်စုတွေကတဆင့် ပေးနိုင်ပါတယ်။
မွန်ပြည်နယ်မှာကျတော့ လူဦးရေ နှစ်သောင်းကျော်ကျော် တနင်္သာရီတိုင်းဆို လူဦးရေ သုံးသောင်းကနေ ငါးသောင်းအထိ ရှိပါမယ်။ အကူအညီကတော့ စားစရာ၊ နေထိုင်စရာ ဆေးဝါးတွေ အရေးပေါ်လိုနေပါတယ်။
သံလွင်တိုင်းမ်