မော်လမြိုင် ၊ ဇွန် ၂၅

တတိယကြိမ် ညီလာခံကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါ အဓိက စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ရာမညအင်စတီကျုနိုင်ငံရေးသုတေသနဌာန RICE က သုံးသပ်ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ မွန်နိုင်ငံရေးဖြစ်စဉ် ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အမြဲတစေ စောင့်ကြည့်လေ့လာနေတဲ့ RICE က မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တတိယကြိမ် ညီလာခံကြေညာချက်ကို သုံးသပ်ထားပြီး ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေကို ဇွန် ၂၁ ရက်နေ့က ထုတ်ပြန်လာတာပါ။

RICE ရဲ့ သုံးသပ်ချက်အရ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ နယ်မြေလွှမ်းမိုးမှုအပါအဝင် လူထုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ မွန်အင်အားစုတွေအကြား ညီညွတ်မှုစတဲ့ အထူးသတိထားရမယ့် စိန်ခေါ်မှုသုံးရပ်ကို ဖော်ပြထားတာ တွေ့ရပါတယ်။

မွန်ပြည်နယ် ၁၀ မြို့နယ်ကို အခြေပြုပြီး ရည်ရွယ်ချက်တူ ဘဝတူ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး ထိရောက်တဲ့ မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရေးဆွဲသွားဖို့ ညီလာခံက ချမှတ်ခဲ့ပါတယ်။

တော်လှန်ရေးကာလ မွန်ပြည်ချာတာရေးဆွဲ‌ရေးဟာ ပြည်နယ်အုပ်ချုပ်ရေးအဆင့် တနည်းအားဖြင့် ပြည်နယ်တော်လှန်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ကနဦး ခြေလှမ်းလို့ နားလည်ရပါတယ်။

ဒီအတွက် MSFC ဟာ စစ်ရေးအရ စိုးမိုးနယ်မြေ ဒါမှမဟုတ် စည်းရုံးရေး နယ်မြေလွှမ်းမိုးမှု မရှိတာဟာ တည်ငြိမ်တဲ့ မွန်ပြည်ကြားကာလ အစိုးရတစ်ရပ် ဖော်ဆောင်ဖို့ အဓိကအတားအဆီးဖြစ်နိုင်တယ်လို့ RICE က ထောက်ပြပါတယ်။

MSFC ဟာ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ရေးနဲ့ တနင်္သာရီတိုင်းက ရေဖြူမြောက်ပိုင်းစတဲ့ ဒေသအချို့မှာ ပညာရေး၊ကျန်းမာရေးဝန်ဆောင်မှုတွေ စတင်နိုင်ခဲ့ပေမယ့် မွန်ပြည်နယ်တစ်ခုလုံးကို လုံ လောက်စွာ လွှမ်းမိုးထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အကြောင်းအရင်းကတော့ မွန်ပြည်နယ်ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ရှိနေသေးတဲ့အပြင် တချို့ဒေသမှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ရဲ့ ထိန်းချုပ်နယ်မြေ အစိတ်အပိုင်းတွေ ဖြစ်နေကြတာပါ။

ဒါ့အပြင် မွန်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကြောင့် လူထုရဲ့ နိုင်ငံရေးစိတ် ဝင်စားမှု အနည်းဆုံးအဆင့်လို့ ပြောလို့ရနိုင်တဲ့ အခြေအနေမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို လူထုထောက်ခံမှုနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရှိ မရှိ ပြန်ဆန်းစစ်ဖို့ အထူးလိုအပ်တယ်လို့ RICE က ဆိုပါတယ်။

MSFC အတွက် အရေးကြီးဆုံး စိန်ခေါ်မှုဖြစ်တဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြား စစ်ရေးအပြင် နိုင်ငံရေး ပေါင်းစည်းညီညွတ်မှုရှိဖို့ အကြုံပြုထားတာ တွေ့ရပါတယ်။

မွန်အင်အားစုတွေကြား နိုင်ငံရေးအရ ပေါင်းစည်းမှုမှာ ပါဝင်ဖို့ လိုအပ်နေပြီး ပေါင်းစည်းညီညွတ်မှုမရှိရင် မွန်တော်လှန်ရေးဖြစ်စေ မွန်နိုင်ငံရေးဖြစ်စေ အားနည်းတတ်တာကြောင့် လူထုအနေနဲ့လည်း နိုင်ငံရေးအရ ဝေးဝါးလာနိုင်တယ်လို့ RICE က ထောက်ပြပါတယ်။

ဒါကြောင့် MSFC အနေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိတဲ့ အဓိက စိန်ခေါ်ချက်သုံးရပ်နဲ့ မျှော်မှန်းထားတဲ့ အုပ်ချုပ်ရေးအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ဖို့ ပြည်နယ်အတွင်း ပိုမိုခိုင်မာတဲ့ ပူးပေါင်းမှုတွေ လူထုနဲ့ ပိုမိုထိတွေ့မှုနဲ့ နိုင်ငံတကာဆက်ဆံရေး ချဉ်းကပ်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။

ဒီအပြင် မွန်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်မှုကလည်း မွန်တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကျတဲ့အချက်ဖြစ်တာကြောင့် ညီညွတ်ရေးလည်း လိုအပ်တယ်လို့ RICE ရဲ့ သုံးသပ်ချက်မှာ အကြံပြုထားတာ တွေ့ရပါတယ်။

စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး MSFC ရဲ့ ပြောခွင့်ရ နိုင်မွန်စိုင်းက မွန်ပြည်တော်လှန်ရေးအစိုးရတရပ်ပေါ်ဖို့ မွန်ပြည်အတွင်း နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လုပ်ရမှာဖြစ်ပြီး လုပ်ငန်းစဉ် ချမှတ်နေဆဲလို့ သံလွင်တိုင်းမ်ကို အကြောင်းပြန်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာတော့ ပြည်နယ်ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

ဌာနအနေနဲ့ ကာကွယ်ရေး၊ အုပ်ချုပ်‌ရေး၊ တရားစီရင်ရေး၊ ပြည်ထဲရေး အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူသားချင်း စာနာမှုကူညီရေး၊ အမျိုးသမီးနဲ့ ကလေးငယ် စတဲ့ ဌာနတွေနဲ့ အခြားသော ဌာနတွေလည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ ကာကွယ်ရေးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF တည်ရှိနေပြီး ကျန်မွန်လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေနဲ့လည်း စစ်ရေးအရ ပူးပေါင်းလှုပ်ရှားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.