မော်လမြိုင် ၊ ဇွန် ၂၆

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေတဲ့ကာလအတွင်း စစ်တပ်၊ရဲတပ်ဖွဲ့၊ယာဉ်ထိန်းရဲအပါအ ဝင် စစ်ကောင်စီဝန်ထမ်းတွေကအစ လိုင်စင်မဲ့ယာဉ်တွေ ပိုမိုစီးနင်းလာကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဒေသတွင်းမှာ နေရာအနှံ့ ပြည်သူတွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးကာ သိမ်းဆည်းပြီးနောက် နိုင်ငံတော်ကို အပ်နှံခြင်းမပြုဘဲ သူတို့ရဲ့ ကိုယ်ကျိုးအတွက် အ သုံးပြုလာတာ ဖြစ်ပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့နေရာမှာ စစ်ကောင်စီရဲ့ သတ်မှတ်ချက်အရ တစ်ရက်ကို အနည်း ဆုံး လိုင်စင်မဲ့ယာဉ် ၅ စီး အပ်နှံရမယ်လို့ ညွှန်ကြားထားပေမယ့် ပိုပြီးဖမ်းဆီးရမိပါက ရာထူးအကြီးပိုင်းအပြင် တပ်သားအဆင့်အထိ ခွဲဝေစီးနင်းနေကြတာပါ။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ အခုနောက်ပိုင်း လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီဝန်ထမ်းတွေ ပိုမိုစီးနင်းလာကြပြီး ဒီလုပ်ရပ်ဟာ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ ကိုယ်တိုင်က လိုင်စင်မဲ့ကားတွေ စီးနေတာ။ တည်ဆဲဥပ‌ဒေလည်း ဒီတိုင်းထားထာတာပဲ။ ဒါပေမယ့် အခုလက်ရှိ စီးနေကြတာပဲ။ ကျွန်တော်တို့ မြို့မှာရှိတဲ့ ဥစ္စာအကုန်လုံးတွေက ရဲတွေ ဘာတွေရော တပ်ကရော အကုန်လုံးက လိုင်စင်မဲ့ကြီးပဲလေ” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးတဲ့နေရာမှာ သူတို့နဲ့ နီး စပ်တဲ့သူတွေရဲ့ လိုင်စင်မဲ့ယာဉ်ကို ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်းပြီး ငွေကြေးယူကာလူကို ပြန်လွှတ် ပေးတာတွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံနောက်တစ်ဦးကတော့ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ထားပေမယ့် သူတို့ကိုယ်တိုင် ပြည်သူတွေဆီက ဖမ်း ဆီးထားတဲ့ လိုင်စင်မဲ့ယာဉ်တွေကို အသုံးပြုနေတာကြောင့် စစ်ကောင်စီရဲ့ ဥပ‌ဒေဟာ တရားမျှတမှု မရှိဘူးလို့ ဝေဖန်ပါတယ်။

“လိုင်စင်မဲ့ယာဉ်မစီးရ လိုင်စင်မဲ့ယာဉ်ကို ထိရောက်စွာ အရေးယူမယ်ဆိုပြီးတော့ အမိန့်ထုတ်ပြီးတော့ ဖမ်းဆီးနေတဲ့ လူတွေကိုယ်တိုင်က လိုင်စင်မဲ့ယာဉ်တွေစီးပြီးတော့ လိုင်စင်မဲ့ယာဉ်တွေနဲ့ပဲ အသုံးချတယ်ဆိုတော့ ဥပ‌ဒေက ကျန်တဲ့တိုင်းသူပြည်သားတွေပဲ နာခံရမှာပေါ့။ သူတို့ကတော့ နာခံစရာမလိုဘူးဆိုတဲ့ သဘောလားပေါ့။ တစ်ဖက်စောင်းနင်း ဥပဒေကြီးဖြစ်နေတယ်။ တရားမျှတတဲ့ ဥပ‌ဒေမှမဟုတ်တာ”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ ပြည်သူတွေ လိုင်စင်မဲ့ယာဉ်စီးနင်းလို့ ဖမ်းဆီးခံရပါက လိုင်စင်မဲ့ယာဉ်ကို သိမ်း ဆည်းတဲ့အပြင် လူကိုပါ ပို့ကုန်၊သွင်းကုန် ဥပ‌ဒေတွေနဲ့ အမြန်နေ့ချင်းပြီး ပုံစံအနည်းဆုံး ထောင်ဒဏ် တစ်လ ချမှတ်နေပါတယ်။

စစ်ခေါင်းဆောင်ရဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးဖို့ ညွှန်ကြားကြောင့် စစ်ကောင်စီဝန်ထမ်းတွေဟာ လိုင် စင်မဲ့ယာဉ် ဖမ်းဆီးမှုကနေ ဝင်ငွေရပေါက်ကြီး တစ်ခုဖြစ်လာပြီး လိုင်စင်မဲ့ယာဉ်တွေကိုပါ တရား ဝင်သဖွယ် အသုံးပြုစီးနင်းလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.