ဘန်ကောက်၊ ဇွန် ၂၅
ထိုင်းနိုင်ငံရဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်က နုတ်ထွက်သွားတဲ့ ဒုတိယအကြီးမားဆုံး ဘွမ်ဂျိုင်ထိုင်းပါတီက ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို အယုံ အကြည်မရှိကြောင်း လွှတ်တော်မှာ အဆို တင်သွင်းသွားမယ်လို့ ဇွန် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနဲ့ ပြင်းထန်လာနေတဲ့ နယ်စပ်ပြဿနာကို ထိုင်းအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့ ဖိအားပေးမှု ပိုများလာချိန်မှာ ၃၈ နှစ်အရွယ် ဝန်ကြီးချုပ်အနေနဲ့ လာမယ့်သီတင်းပတ်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီ ပြဿနာကြောင့် ဝန်ကြီးချုပ်ရဲ့ ဖူထိုင်းပါတီဟာ အာဏာ ဆက်လက် တည်မြဲရေး အန္တရာယ် ကျရောက်နေပါတယ်။
သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက စုံစမ်း စစ်ဆေးပေးရေး လွှတ်တော်အမတ်အဖွဲ့ တစ်ဖွဲ့ကလည်း တောင်းဆိုထားတာကြောင့် ဝန်ကြီးချုပ် ပေသွန်ထန် အနေနဲ့ အခုလို အစီအစဉ် တစ်ခုခုကြောင့် ရာထူးကနေ ဖြုတ်ချခံရ နိုင်ခြေ ရှိနေပါတယ်။
အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေကလည်း လာမယ့် ဇွန် ၂၈ ရက်က စတင်ပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး လမ်းပေါ်ထွက် ဆန္ဒပြဖို့ စီစဉ်ထား ပါတယ်။

ထိုင်း ဝန်ကြီးချုပ် ပေသွန်ထန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားရာကနေ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာ ဆုံးရှုံးနိုင်တယ်လို့ ဘွမ်ဂျိုင်ထိုင်း ပါတီက ညွှန်ပေါင်းအစိုးရအဖွဲ့ကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
ဖုန်းခေါ်ဆိုမှုအတွင်း ပေသွန်ထန်က ဝါရင့်ကမ္ဘောဒီးယား နိုင်ငံရေး သမား ဟွန်ဆန်ကို အောက်ကျို့ ပြောဆိုခဲ့ပြီး သူ့နိုင်ငံမှာ အာဏာအကြိမ်ကြိမ် သိမ်းထားတဲ့ စစ်တပ်ရဲ့ အကြီးအကဲကို ဝေဖန်ခဲ့ပါတယ်။
ဒီဖုန်းခေါ်ဆိုမှု ပေါက်ကြားခဲ့တဲ့အတွက် ပေသွန်ထန်က ပြန်လည် တောင်းပန်ထားပြီး ကာကွယ်ရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ကိုအပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
မိမိတို့အနေနဲ့ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းရေး ပါတီတွင်း ဆုံးဖြတ်ပြီးဖြစ်ကြောင်း ဘွမ်ဂျိုထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဆွမ်ချိုင်က ပြောပါတယ်။
ဖူထိုင်းပါတီကတော့ သူတို့မှာ လွှတ်တော်အမတ် ထက်ဝက်ကျော်ရဲ့ ထောက်ခံမှု ရရှိထားကြောင့် လုံးဝ စိုးရိမ်မှု မရှိဘူးလို့ ပြောထားပါတယ်။
Ref:Reuters