နေပြည်တော် ၊ ဇွန် ၂၆

စစ်ကောင်စီတပ်ရဲ့ ဒရုန်းကိုင်တွယ်အသုံးပြုမှုသင်တန်းတွေမှာ စစ်ဘက်သုံး မိုက်ခရိုကင်းထောက်ဒရုန်းတွေ လေ့ကျင့်အသုံးပြုနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ဇွန် ၂၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနည်းပညာ ထိရောက်မှုကို တုံ့ပြန်နိုင်ဖို့ စစ်ကောင်စီက ရမည်းသင်းအခြေစိုက် အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ဒရုန်းကိုင်တွယ်အသုံးပြုမှု သင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်ပြီး ခြေလျင်တိုက်ခိုက်ရေးတပ်မတွေနဲ့ ဒရုန်းတပ်ဖွဲ့က သင်တန်းသားတွေကို လေ့ကျင့်သင်ကြားပေးနေတာပါ။

တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားကာ Military Micro Drone လို့ ခေါ်တဲ့ စစ်ဘက်သုံး မိုက်ခရိုကင်းထောက်ဒရုန်းတွေကို တရုတ်နိုင်ငံကနေ ထုတ်လုပ်တာဖြစ်ပြီး ရဟတ် ယာဉ်ပုံစံငယ် ကင်းထောက်ဒရုန်း (Rotary UAV) ဖြစ်မယ်လို့ MDSI သုံးသပ်ပါတယ်။

ဒရုန်းသင်တန်းသားတွေကို စာတွေ့သင်ကြားမှုအပြင် လက်တွေ့ကိုင်တွယ်အသုံးပြုမှုနဲ့ ပေါင်းစပ်ကာ စနစ်တကျ လေ့ကျင်ပေးတာဖြစ်တဲ့အတွက် စစ်မှုထမ်းသင်တန်းတွေထဲက နည်းပညာပိုင်း အခြေခံရှိသူတွေကိုပါ ထုတ်နှုတ်ပြီး စုဖွဲ့လေ့ကျင့်ပေးနေတာပါ။

သင်တန်းတက်ရောက်ပြီးဆုံးသူတွေကို ဒရုန်းအဖွဲ့တွေအဖြစ် စုဖွဲ့ပြီး ခြေမြန်တပ်မဌာနချုပ်၊ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေနဲ့ တိုက်ပွဲနယ်မြေတွေဆီ တာဝန်ပေးစေလွှတ်နေတာလို့ MDSI ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရိက္ခာအပါအဝင် တပ်အပြောင်းအလဲလုပ်တဲ့အခါ တိုက်ခိုက်ခံနေရတဲ့အတွက် အခုလိုအသံဆူညံမှု အားနည်းတဲ့ဒရုန်းတွေနဲ့ ကင်း ထောက်ပြီး စစ်ရေးအပြောင်းအရွှေ့လုပ်ဖို့ စီစဉ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ရဲ့ ရိက္ခာပို့တာပဲဖြစ်ဖြစ် နယ်မြေရှင်းလင်းတာပဲဖြစ်ဖြစ် အင်အားဖြည့်တင်းတာဖြစ်ဖြစ် တပ်အပြောင်းအလဲလုပ်တာဖြစ်ဖြစ် အဲဒီလိုလုပ်တဲ့အချိန်မှာ (တော်လှန်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက် ခိုက်မှု) ထိထိလာတယ်။ အဲဒီတော့ ကင်းထောက်ဒရုန်းတွေနဲ့ ထောက်ပြီး ချီတက်ဖို့ စစ်ရေးအရွှေ့အပြောင်းတွေ လုပ်မယ့်အစီအစဉ်မျိုး ခါတိုင်းပုံမှန်အားဖြင့် ဒရုန်းတွေသုံးမယ်ဆိုရင် အသံမြည်တယ်။ ပြီးရင် သိလည်းသိနိုင်တယ်ပေါ့။ ဒီဒရုန်းတွေကျတော့ နည်းနည်းသေးတော့ အသံဆူညံမှုကို အား နည်းစေတယ်။ အမြင့်ကနေပျံရင် အောက်ကအဖွဲ့တွေ မသိနိုင်ဘူး။ သူ့မှာအားကောင်းတဲ့ 4K ကင်မ ရာအမျိုးအစား တပ်ထားတယ်ဆိုတာတော့ ကျွန်တော်တို့ အကြမ်းဖျဉ်းသိရှိရပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်‌ရေးအလွန်မှာ စစ်ကောင်စီက စစ်နည်းဗျူဟာအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ် ဆောင်ခဲ့ပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ဝေဟင်စစ်ဆင်ရေးတွေကို ၂၀၂၄ အစောပိုင်းကစပြီး အားသာချက်အဖြစ် အသုံးပြုလာနေတာပါ။

တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ နေရာတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက ကင်း ထောက်ဒရုန်းတွေ သုံးပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေအပြင် စက်တပ်လေထီးတွေနဲ့ ဝေဟင်စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

MDSI ရဲ့ အချက်အလက်တွေအရ ဒရုန်းသင်တန်းတွေမှာ ကင်းထောက်ဒရုန်းအမျိုးအစားဖြစ်တဲ့ DJI ၊ Autel နဲ့ VTOL fixed wing UAV ကင်းထောက်တွေအပါအဝင် Quadcopter နဲ့ Hexa copter တိုက်ခိုက်ရေးဒရုန်းတွေ၊ Delta Wing Suicide အသေခံဒရုန်းအမျိုးအစားတွေကို စစ်ကောင်စီက အများအပြားဝယ်ယူထားတာပါ။

အမျိုးအစားစုံလင်တဲ့ ဒရုန်းတွေကို ကိုင်တွယ်အသုံးပြု လေ့ကျင့်သင်ကြားပေးတဲ့အပိုင်းတွေမှာ စစ်ရုံးချုပ်က အရာရှိကြီးတွေ ကိုယ်တိုင်လာရောက်ကြီးကြပ်ပြီး နည်းပြနဲ့ သင်တန်းသား ၂၀၀ ဝန်း ကျင်လောက် နေ့စဉ်လေ့ကျင့်ပေးနေတာလို့ ဆိုပါတယ်။

ဒရုန်းနည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှု အကူအညီတွေကိုတော့ စစ်ကောင်စီနဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ အင်အားကြီးနိုင်ငံတွေထဲက တရုတ်၊ ရုရှား၊ အိန္ဒိယတို့အပြင် ဘယ်လာရုစ်လည်း ပါဝင်လာနိုင်တယ်လို့ CDM တပ်အသိုင်းအဝိုင်းကနေ သုံးသပ်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TRC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.