နေပြည်တော်၊ ဇွန် ၂၀
အာဏာသိမ်း စစ်ကောင်စီလက်ထက် တကျော့ပြန်လာတဲ့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိထားဖို့လိုမယ်လို့ စစ်ရေးအကဲ ခတ်တွေက ပြောပါတယ်။
ဇွန် ၁၉ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံအစိုးရက ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာကင်ချုံအီကို ခန့်အပ်လိုက်တယ်လို့ အသိပေးလာတာပါ။
ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံလို့ခေါ်တဲ့ မြောက်ကိုရီးယားနိုင်ငံက မစ္စတာ ကင်ချုံအီကို မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ သံအမတ်အဖြစ် သဘောတူညီပြီးဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
မြန်မာနဲ့မြောက်ကိုရီးယား နှစ်နိုင်ငံဟာ အကြောင်းအမျိုးမျိုးနဲ့ သံတမန်ဆက်ဆံရေး ပြတ်တောက်လိုက် ပြန်လည်စတင်လိုက်နဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ဖြစ်လာပါတယ်။
စစ်တပ်က နိုင်ငံ့အာဏာကို တကျော့ပြန် သိမ်းယူချိန်ကစပြီး လက်နက်ကိုင်တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အင်အားကြီးနိုင်ငံတချို့ရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိနေတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။
အဲဒီထဲမှာ စစ်ရေးဆိုင်ရာပစ္စည်းတွေအပါအဝင် နည်းပညာတွေကို တရုတ်နဲ့ရုရှားနိုင်ငံတွေဆီက ရရှိနေပြီး မြန်မာနိုင်ငံအထိ လိုအပ်တဲ့နည်းပညာတွေကို လာရောက်ပို့ချ သင်တန်းပေးနေတာလည်း ရှိနေတာပါ။
ဒါကြောင့် မြောက်ကိုရီးယားနဲ့ စစ်ကောင်စီတို့ကြား သံတမန်ဆက်ဆံရေးရှိလာတဲ့အတွက် စစ်တပ်အနေနဲ့ စစ်ရေးဆိုင်ရာ လက်နက်နဲ့ နည်းပညာအကူအညီတွေ ရလာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
CDM ဗိုလ်ကြီး ကောင်းသူဝင်းက မြောက်ကိုရီးယားဆီက စစ်ရေးအကူအညီတွေ ရယူနိုင်မယ့်အနေအထားမျိုးရှိတဲ့အတွက် ပြည်တွင်းမှာလည်း နည်းပညာသင်တန်းတွေ ပေးလာနိုင်တယ်လို့ ပြောပါတယ်။
“မြောက်ကိုရီးယားရဲ့ နည်းပညာ တချို့ကလည်း လက်ရှိသူတို့လက်နက်ခဲယမ်းထုတ်လုပ်တဲ့ဟာမျိုးတွေမှာ ပတ်သက်မှုတွေ ရှိနေသလိုမျိုး ဆက်စပ်ပြီးတော့လည်း သူတို့အနေနဲ့ (စကစ) မြောက်ကိုရီးယားဆီက နည်းပညာတွေ ဆက်လက်ပြီး ချိတ်ဆက် ရသလောက်တော့ ယူမယ်ဆိုတဲ့ အနေအထားမျိုးတွေလည်း ရှိတာပေါ့။ အဲဒီအနေအထားမှာ တချို့တွေက နိုင်ငံခြားကို စကစက တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး သင်တန်းပေးတဲ့အနေအထားရှိသလို မြန်မာနိုင်ငံအတွင်းကို ခေါ်ပြီး နိုင်ငံခြားက နည်းပညာရှင်တွေ ခေါ်ပြီးပေးတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်။ မြောက်ကိုရီးယားက အထူးသ ဖြင့် မြန်မာနိုင်ငံကို လာပြီးတော့ အဲဒီလိုမျိုးပေးလာနိုင်တဲ့အနေအထားမျိုးတွေလည်း ရှိနိုင်တယ်” လို့ ဆိုပါတယ်။
လက်ရှိ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ မစ္စတာကင်ချုံအီဟာ ၁၉၈၇ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှာ အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နဲ့ ပြည်ပမှာ ရာထူးအဆင့်ဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။
သူဟာ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးမှာ တတိယအတွင်းဝန်ကနေ ပထမအတွင်းဝန်အဖြစ် ရာထူးအဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သလို သံမှူးအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်ကနေ ဒီကနေ့အထိ မြောက်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန – ၂ မှာ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးနောက်ပိုင်း နှစ်နိုင်ငံ သံတမန်ရေးအရ ရှေ့ဆက်လုပ်ဆောင်သွားမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့ စစ်ကောင်စီဘက်က အသိပေးထားခြင်း မရှိသေးပါဘူး။
စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေကို မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံမတ်အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ၂၀၂၃ ခုနှစ် စက်တင်ဘာကတည်းက ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီကို မြောက်ကိုရီးယားက လက်နက်ခဲယမ်းတွေ မထောက် ပံ့နိုင်ရေး သံခင်းတမန်ခင်းအရ ပေါက်မြောက်အောင် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကြိုးစားဖို့ လိုမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလည်း လက်နက်ခဲယမ်းအထောက်အပံ့တွေ ရလာနိုင်တယ်။ ပြောရမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေက ပိုပြီးတော့ ဂရုစိုက်ရမှာပေါ့။ အခုတော်လှန်ရေးအင်အားစုတွေ မယှဉ်နိုင်တာက လက်နက်ခဲယမ်းပိုင်းပေါ့။ ကျန်တဲ့စိတ်ဓာတ်နဲ့ လူအရေအတွက်နဲ့ ပြီးရင် ဗျူဟာအခင်းအကျင်းတွေဟာ လူသစ်စုခံရတဲ့ စစ်သားတွေထက် အဆပေါင်းများစွာသာတဲ့ တိုက်ရည်ခိုက်ရည်အနေအထားကို ရောက်လာတယ်။အဲဒီတော့ မြောက်ကိုရီးယား မထောက်ပံ့အောင် ကျန်တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက သံခင်းတမန်ခင်း ပေါက်ပေါက်မြောက်မြောက် ဖြစ်နိုင်အောင် ကြိုးစားဖို့လိုပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
ဘက်ပေါင်းစုံ ယိုးယွင်းနေတဲ့ စစ်တပ်ဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရင်ဆိုင်နေရတဲ့အတွက် အကူအညီတောင်း ချဉ်းကပ်လို့ရမယ့် နိုင်ငံတွေထဲမှာ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားလည်း ပါဝင်နေတာပါ။
မြန်မာနိုင်ငံနဲ့မြောက်ကိုးရီးယားဆက်ဆံရေးဟာ ၁၉၇၅ ခုနှစ်ကနေ စတင်ခဲ့ပေမယ့် ၁၉၈၃ ခုနှစ် အာဇာနည်ဗိမာန်ကုန်းက တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်မှာ မြောက်ကိုရီးယား ထောက်လှမ်း ရေးတွေရဲ့ ဗုံးခွဲမှုအပြီး ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဆက်ဆံရေး ပြတ်တောက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ၂၀၀၇ ခုနှစ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ခဲ့ပြီး မြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းမှုတွေလည်း လုပ်ခဲ့ကြတာပါ။
၂၀၁၇ ခုနှစ်မှာတော့ မြောက်ကိုရီးယား သံအမတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေး ယူထားတဲ့ ကုမ္ပဏီတခုနဲ့ ပတ်သက်နေတာကြောင့် မြန်မာနိုင်ငံကနေ နှင်ထုတ်ခံရတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး အားလျော့ခဲ့ပြီး အာဏာသိမ်းမှုအလွန် တဖန်ပြန်လည်အားကောင်းလာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT