တီဟီရန်၊ ဇွန် ၁၇

အီရန်ရဲ့ အကြီးမားဆုံး ယူရေနီယံ သန့်စင်ရေး စက်ရုံ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့က ဖော်ပြထားပြီး အီရန် နိုင်ငံပိုင် ရုပ်သံလိုင်းအား အစ္စရေးက ဇွန်လ ၁၆ရက်က တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်က ဝေဟင် စစ်ပွဲ အပစ်အခတ်ရပ်စဲရေး တွန်းအားပေးဖို့ အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။

အီရန်ရဲ့ ထုတ်လွှင့်ပြန်ကြားရေး အာဏာပိုင် အဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောကြားပြီး ပေါက်ကွဲမှု ဖြစ်ပွားချိန် သတင်းကြေညာသူ အမျိုးသမီး ကတိုက်ကရိုက် ထွက်ခွာသွာတာကို ဗီဒီယို ဖိုင်မှာ မြင်တွေ့ရပါတယ်။

အဆိုပါ အဆောက်အဦးကို အီရန် စစ်တပ်က ဆက်သွယ်ရေး စင်တာ အဖြစ်လည်း အသုံးပြုနေတာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောကြား ပါတယ်။

နှစ်နိုင်ငံကြား ပဋိပက္ခဟာ ဇွန်လ ၁၇ရက်မှာ ပဉ္စမမြောက်နေ့သို့ ဝင်ရောက်လာပြီး အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ထပ်မံ တိုက်ခိုက်မှုကြောင့် တယ်လ်အဗစ်မြို့မှာ ညသန်းခေါင်ကျော်အချိန် လေကြောင်း တိုက်ခိုက်မှု သတိပေးသံတွေ ဆူညံနေခဲ့ ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အရာချီက အီရန် အနေနဲ့ သံတမန်ရေးကို အလေးအနက်ထားပေ မယ့် လောလောဆယ်မှာ ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ အာရုံစိုက်ထားတယ်လို့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီး လေးဦးအား ပြောကြားခဲ့ကြောင်း အီရန် နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

မိမိတို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က အီရန်အတွက် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်း အဆုံးသတ်သွားစေရေး ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။
အရပ်သားအများစု ပါဝင်တဲ့ အီရန် နိုင်ငံသား ၂၂၄ဦးနဲ့ အထက် သေဆုံးတယ်လို့ အီရန်က ပြောပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄ဦးရှိပြီး အားလုံး အရပ်သားတွေ ဖြစ်တယ်လို့ အစ္စရေးက အသိပေးထား ပါတယ်။

ချက်ချင်း အပစ်အခတ် ရပ်စဲရေး အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကို တွန်းအားပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်နယ်ထရန့်အား တိုက်တွန်းပေးကြဖို့ အီရန်က အိုမန်၊ ကာတာနဲ့ ဆော်ဒီအာရေးဗီးယားတို့ကို အကူအညီတောင်းထားကြောင်း သတင်းရင်းမြစ်တွေက ပြောကြား ပါတယ်။

အစ္စရေးက အီရန်ကို အမှတ်မထင် တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်း ဗိုလ်ချုပ်တွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ သေဆုံးခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.