ဘာလင်၊ ဇွန် ၁၆
အရှေ့အလယ်ပိုင်းမှာ တင်းမာမှု လျှော့ချရေး ကြိုးပမ်းတဲ့အနေနဲ့ တီဟီရန်ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး အီရန်နဲ့ ဆွေးနွေးဖို့ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့အသင့်ရှိကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူလ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းသို့ သွားရောက်နေတဲ့ ဝန်ကြီး ဝါဒီဖူလ်က သူ့အနေနဲ့ အီရန်နဲ့ အစ္စရေးကြား တင်းမာမှု အရှိန်လျှော့ချဖို့ ကြိုးပမ်းနေပြီး တီဟီရန်အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မယ့် အခွင့်အရေးကို အရင်က လက်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။

အီရန်အနေနဲ့ ဒေသတွင်း ဘယ်နိုင်ငံကိုမှ အန္တရာယ် မပေးနိုင်ပါဘူးဆိုတဲ့ အခြေအနေသို့ ရောက်ရှိအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အီရန်အစိုးရ ပြုတ်ကျသွားဖို့ မျှော်လင့်ထားပါသလားဆိုတဲ့ မေးခွန်းကို ဝန်ကြီး ဝါဒီဖူလ်က အစ္စရေးအနေနဲ့ အီရန်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ဖြေကြားသွားပါတယ်။
ဂါဇာသို့ အကူအညီပေးအပ်မှုတွေကို အစ္စရေးက တားဆီးနေတာဟာ လက်မခံနိုင်စရာ ကိစ္စဖြစ်ပြီး လူသားချင်း စာနာရေး ပြဿနာကို ပိုဆိုးလာစေတယ်လို့ သူက ပြောပါတယ်။

အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူဖို့ ပျက်ကွက်ရင် အီရန်ကို တိုက်ခိုက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြီး မကြာခင်မှာပဲ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အီရန်က လက်စားပြန်ချေတဲ့အနေနဲ့ အစ္စရေးကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဇွန် ၁၅ ရက်အထိ အပြန်အလှန် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အီရန်က အရပ်ဖက်အတွက် သီးသန့်လို့ ပြောဆိုပြီး ယူရေနီယံ သန့်စင်မှုကို ကန့်သတ်ထားတဲ့ အတိုင်းအတာထက် ပိုမို ထုတ်လုပ်နေတာကြောင့် နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ တိတ်တဆိတ် ကြံစည်နေတယ်လို့ အစ္စရေးနဲ့ အနောက်နိုင်ငံတွေက သံသယရှိနေတာ ဖြစ်ပါတယ်။
Ref:Reuters