ဝါရှင်တန်၊ ဇွန် ၁၆
အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို သတ်ဖြတ်မယ့် အစ္စရေးရဲ့ အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပယ်ချထားကြောင်း အမေရိကန်အရာရှိ သုံးဦးက CBS News သတင်းဌာနသို့ ပြောပါတယ်။
ခေါင်းဆောင် ခါမေနီကို လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်ဟာ ကောင်းတဲ့ အစီအစဉ် မဟုတ်ဘူးလို့ သမ္မတ ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကို ပြောကြားထားကြောင်း အရာရှိတစ်ဦးက ပြောပါတယ်။

ထရန့်ကတော့ အဲဒီ သတင်းနဲ့ ပတ်သက်လို့ လူသိရှင်ကြား မှတ်ချက် ပြုတာ မရှိသေးပါဘူး။
အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် မကြာခင်မှာ ထရန့်နဲ့ နေတန်ညာဟုတို့ အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ခါမေနီကို လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ ထရန့်က ဗီတိုအာဏာ သုံးပြီး ပယ်ချသလို ပယ်ချခဲ့တာဖြစ်တယ် ဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ ဖော်ပြချက်ကို ဝန်ကြီးချုပ် နေတန်ညာဟုက Fox News သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ငြင်းဆိုတာ မရှိသလို အတည်ပြုတာလည်း မရှိပါဘူး။

တစ်ခါမှ မပြောခဲ့ဖူးတဲ့ စကားတွေ ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ အများကြီး ထွက်ပေါ်နေတယ်လို့ အဲဒီ အင်တာဗျူးမှာ နေတန်ညာဟုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးက အီရန်ရဲ့ နျူကလီးယား အဆောက်အဦတွေနဲ့ စစ်တပ် ထိပ်တန်း အရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
အီရန်က လက်စားချေတဲ့အနေနဲ့ ဒရုန်းတွေနဲ့ ပြန်တိုက်ခိုက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ဆိုသလို ပြုလုပ်နေပါတယ်။
မိမိတို့ကို အစ္စရေးက တိုက်ခိုက်လာရင် ဒေသတွင်းရှိ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ စောစောပိုင်းမှာ အီရန်က ကြွေးကြော်ထားခဲ့ပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနဲ့ ပဋိပက္ခကို ထပ်ကြီးထွားမလာစေချင်ပေမယ့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
အီရန်ဟာ မိမိတို့နိုင်ငံ ရှင်သန်ရပ်တည်ရေးအတွက် အန္တရာယ် ဖြစ်လာပြီလို့ အစ္စရေးက ပြောကြားပြီး ဇွန် ၁၃ ရက်က စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၁၅ ရက်အထိ နှစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက်နေဆဲ ဖြစ်ပေမယ့် သမ္မတ ထရန့်က မကြာခင် ငြိမ်းချမ်းမှု ရလိမ့်မယ်လို့ ပြောထားပါတယ်။
အစ္စရေး အရပ်သားတွေ သေဆုံးမှုအတွက် အီရန်အနေနဲ့ အရမ်းကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ နေတန်ညာဟုက ခြိမ်းခြောက်ထားတာကြောင့် နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ မကြာခင် ရပ်တန့်မယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။
Ref:BBC