နေပြည်တော် ၊ ဇွန် ၁၅

စစ်အာဏာရှင်စနစ် လက်နက်ကိုင်တော်လှန်ရေးနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဦးကျိုးပျက်စီးခဲ့တဲ့ စစ်တပ်ဟာပျက်ရင်း တည်ဆောက်လာနေတယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နည်းပေါင်းစုံနဲ့ လူငယ်လူရွယ်တွေကို တပ်သားအဖြစ် စုဆောင်းလိုက်တဲ့အခါ အင်အားသောင်းနဲ့ချီ ရရှိလာပြီး တန်ပြန်ထိုးစစ်အတွက် စစ်တပ်ဟာ ခေါင်းထောင်ဖို့ ကြိုးပမ်းလာပါတယ်။

အင်အားလိုအပ်ချက်အရ ဖြည့်တင်းထားတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေဟာ နိုင်ငံတဝန်းရှိ ရင် ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေနဲ့ နောက်တန်းစခန်းတွေမှာ ပို့ဆောင်ခံရပြီး ခုခံစစ်အပါအဝင် ထိုးစစ်အတွက် အသုံးချခံနေရပါတယ်။

ဒါဟာ ငကြင်းဆီနဲ့ ငကြင်းပြန်ကြော်သလို လူငယ်တွေကို တရားလက်လွတ်ဖမ်းဆီးပြီး အတင်းအ ဓမ္မ စစ်သင်တန်းပို့ကာ သတ်ကွင်းထဲ လူသားဒိုင်းသဖွယ် လွှတ်နေတာလို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းက စစ်တပ်ဟာ လူအင်အားရလာတာနဲ့တစ်ပြိုင်နက် ရှိသမျှ အရင်းအ မြစ်တွေနဲ့ အခြေအနေပြန်ကောင်းလာနိုင်ဖို့ ဒီလိုမျိုး အသုံးချနေတာလို့ သုံးသပ်ပါတယ်။

“အဲဒီတော့ သူ့တပ်ရဲ့ ယန္တရားမှာတော့ လူအင်အားရလာတာနဲ့ တပြိုင်နက်ရှိပြီးသား လက်နက်ခဲယမ်း အရင်းအမြစ်ရှိမယ်။ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းတွေရှိမယ်။ နောက်ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်းတွေထုတ်နိုင်တဲ့ ကပစတွေရှိတယ်။ နောက်ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ပြည်သူ့ရဲ့ဘဏ္ဍာငွေတွေကို လက်ထဲကိုင်ပြီး သူတို့အခြေအနေပြန်ကောင်းနိုင်ဖို့ ဒီလိုမျိုး အသုံးချဆောင်ရွက်နေတာကို တွေ့ရပါမယ်” လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။

နိုင်ငံ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၁ ကနေ ၁၁ အထိ သင်တန်းဆင်းထားပြီးတဲ့ တပ်သားအရေအတွက် ငါးသောင်းခွဲလောက် ရရှိထားတာပါ။

စစ်မှုထမ်းအပတ်စဉ်တစ်ခုမှာ တပ်သား ၅၀၀၀ နှုန်းနဲ့ လျာထားတဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်း ဖွင့်လှစ်မယ့် အပတ်စဉ် ၁၄ အထိဆိုရင် တပ်သားအင်အား ခုနှစ်သောင်းလောက် ရှိနိုင်မယ်လို့ နား လည်ရပါတယ်။

စစ်ကောင်စီအနေနဲ့ မြို့ပေါင်း ၉၀ ကျော်ကို အလုံးစုံဆုံးရှုံးထားရပြီး ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ပိုမိုရရှိရေး ပြည်သူ့စစ်မှုထမ်းတွေ ပြည်သူ့စစ်တွေ တပ်ဖွဲ့ဝင်တွေနဲ့ လက် လွှတ်နယ်မြေတွေ ပြန်ယူဖို့ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်နေတာပါ။

မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရှမ်းမြောက်က နောင်ချိုမြို့ကို ထိုးစစ်ဆင်နေသလို ကချင်က ဖားကန့်အပါအဝင် ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံမြို့တကြောကိုလည်း တိုက်ခိုက်နေတာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဒါ့အပြင် ကရင်က ကျုံဒိုးနဲ့ကော့ကရိတ်မြို့အနီးတို့မှာ စစ်ကြောင်းတွေခွဲပြီး အင်အား ၅၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းနေတာကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတာပါ။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက စစ်တပ်ပြိုလဲတော့မယ့် အနေအထားမှာ စစ် မှုထမ်းဥပဒေနဲ့ အင်အားဖြည့်ပြီး အတင်းအသေခံတိုက်နေတာဟာ တပ်ကိုတည်ဆောက်လို့ မရသလို အရင်လိုမျိုး လုပ်နိုင်စွမ်းမရှိတော့ဘူးလို့ သုံးသပ်ပါတယ်။

“တပ်ပျက်တယ် တပ်ကို ကြိုးစားတည်ဆောက်နေတယ်။ အတင်းပဲအသေခံပြီး တိုက်နေခြင်းဟာ ရေရှည်တပ်ကို တည်ဆောက်လို့ မရဘူးလေနော်။ အဲဒါကြောင့်မို့တပ်ကို တည်ဆောက်တယ်လို့ ပြောလို့မရဘဲနဲ့ ပြိုလဲတော့မယ့် ကာလတစ်ခုမှာ ကြားခံအတုံးလေး စစ်မှုထမ်းဆိုတဲ့ ဥပဒေနဲ့ လူတွေကို အသေခံပြီးတော့ လူသားတံတိုင်းထားတဲ့ ပုံစံလောက်ပဲ ရှိမယ်။ တကယ့်လက်တွေ့က စစ်ရေးပရိယာယ်အရဖြစ်စေ လက်နက်ခဲယမ်းအရဖြစ်စေ အရင်တုန်းကလိုမျိုး ဖောဖောသီသီ မရှိတော့ဘူး။ အရင်ကလိုမျိုး လုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာ ကျွန်တော်တို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ ခေတ်အဆက်ဆက် ခိုင်မာအားကောင်းတဲ့ တည်ဆောက်ပုံတွေရှိပြီး ငွေကြေးအရင်းမြစ်တွေ နည်းနာတွေ လူ့အရင်းအမြစ်တွေ အရန်အရင်းအမြစ်တွေနဲ့ အခြေခံအဆောက်အအုံဒေါက်တိုင်တွေဟာ အင်စတီကျူရှင်းတစ်ခုလုံးမှာ ဆက်ရှိနေတာပါ။

သံတမန်ရေးမှာလည်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ရုရှားတို့ရဲ့ မျက်နှာသာပေးထောက်ခံမှုတွေ ရရှိထားသလို အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေကလည်း စီးပွားရေးအရ ထိတွေ့ဆက်ဆံနေတာ ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ အချက်အလက်တွေအရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားက ကုမ္ပဏီ ၅၄ ခုဟာ စစ်ကောင်စီကို အခွန်ငွေ၊ လေယာဉ်ဆီနဲ့ နည်းပညာတွေ ပံ့ပိုးကူညီနေတယ်လို့ သိရပါတယ်။

တစ်ဘက်မှာလည်း လူထုအပေါ် အထွေထွေချွတ်ခြုံကျမှုဖြစ်အောင် ဖန်တီးပြီး တော်လှန်ရေးအင် အားစုတွေကို မထောက်ပံ့နိုင်အောင် လုပ်ဆောင်နေတာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိက်တာ နိုင်အဲမွန်က ပြောပါတယ်။

“တစ်ဘက်ကလည်း ရန်ပုံငွေတွေကို ပြည်သူတွေက‌နေတဆင့် တိုက်ယူနေတယ်။ အခုဆိုလို့ရှိရင် လိုင်စင်မဲ့ယာဉ်တွေ ဆိုင်ကယ်တွေကို ဖမ်းတယ်၊ သိမ်းစရာရှိတာ ပိုက်စိပ်တိုက်သိမ်းတယ်။ ဆိုလိုတာ အထွေထွေ ချွတ်ခြုံကျမှု ဖြစ်စေအောင် တမင်ဖန်တီးပြီးတော့ တော်လှန်ရေးအင်အားစုတွေကို မထောက်ပံ့နိုင်အောင် လုပ်နေတဲ့ သဘောမျိုးဖြစ်‌နေတယ်။ လေကြောင်း နောက်ပြီးတော့ မြေပြင်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရာဇဝတ်မှုတွေကို နေ့တိုင်း ဖိနှိပ်မှုတွေ လုပ်နေတယ်” လို့ ဆိုပါတယ်။

နိုင်ငံ‌ရေးတရားဝင်မှုရရှိရေးနဲ့ စစ်တပ်အပါအဝင် စစ်အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေးအတွက် တော်လှန်ရေးတိုက်ပွဲတွေရှိနေသည့်တိုင် စစ်‌ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ ပြင်ဆင်နေတာပါ။

ရွေးကောက်ပွဲ‌ကော်မရှင်ရဲ့ လက်ရှိ စာရင်းတွေအရ မဲဆန္ဒနယ် ၂၆၇ မြို့နယ်မှာ ရွေး‌ကောက်ပွဲ ကျင်း ပဖို့ ရှိမယ်လို့ သိရပါတယ်။ဒါဟာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ နားလည်ရပါတယ်။

အပိုင်းလိုက်ကျင်းပဖို့ လျာထားတဲ့ ရွေး‌ကောက်ပွဲကို နယ်မြေလုံခြုံရေးအခြေအနေအရ ကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး မကျင်းပနိုင်တဲ့ နယ်မြေတွေကိုလည်း ကြေညာပေးမယ်လို့ ကော်မရှင်က အသိပေးထားတာပါ။

နိုင်အဲမွန်ကတော့ ကံကောင်းရင် ကြားခံနိုင်ငံရေးပါတီကနေတဆင့် တရားဝင်မှုကို ရယူနိုင်ပေမယ့် တိုင်းပြည်ဟာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာမှာမို့ စစ်ကောင်စီအတွက် လွယ်ကူတဲ့ ကိစ္စမဟုတ်နေဘူးလို့ မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.