အာမက်ဒါဘက်၊ ဇွန် ၁၃

ဇွန် ၁၂ ရက်မှာ လန်ဒန်မြို့သို့ ပျံသန်းမယ့် Air India လေကြောင်းလိုင်း လေယာဉ် တစ်စီးဟာ ပျံတက်ပြီး မကြာခင် လူနေဒေသတစ်ခုထဲ ပျက်ကျသွားတာကြောင့် လူတစ်ဦးကလွဲပြီး လိုက်ပါသူ ၂၄၁ ဦးလုံး သေဆုံးခဲ့ပါတယ်။

လေယာဉ် ပျက်ကျရာနေရာသို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ သွားရောက်ခဲ့ပြီး ဆေးရုံမှာ ဒဏ်ရာရရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းတင် ကိရိယာကို ဆက်လက် ရှာဖွေနေချိန် မြေပြင်မှာ လူဘယ်နှစ်ယောက် ထိခိုက် သေဆုံးသလဲ ဆိုတာ မသိရပါဘူး။

တစ်ဦးတည်း အသက်ရှင်ကျန်သူ ဖြစ်တဲ့ ထိုင်ခုံ နံပါတ် 11A မှာ ထိုင်ပြီး လိုက်ပါသွားခဲ့တဲ့ ဗြိတိန်နိုင်ငံသား ရမတ်ချ်ကတော့ အရေးပေါ် ထွက်ပေါက်က ခုန်ဆင်း လွတ်မြောက်ခဲ့ပြီး ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။

သူထိုင်နေတဲ့ ခုံက အရေးပေါ် ထွက်ပေါက် နားမှာ ရှိနေတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဘယ်လို အသက်ရှင် လွတ်မြောက်ခဲ့သလဲ ဆိုတာကိုတောင် မသိဘူးလို့ အသက်ရှင်ကျန်ရစ်သူ ရာမတ်ချ်က ပြောပါတယ်။

လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီနိုင်ငံသား ၇ ဦးနဲ့ ကနေဒါနိုင်ငံသား ၁ ဦး လိုက်ပါသွားခဲ့တာ ဖြစ်တယ်လို့ Air India လေကြောင်းလိုင်းက ပြောပါတယ်။

အဲဒီ လေယာဉ်ဟာ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေ တည်းခိုနေထိုင်တဲ့ အဆောက်အဦပေါ်ကို ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

၁၉၃၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Air India လေကြောင်းလိုင်းကို အိန္ဒိယရဲ့ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစု Tata Group က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံသို့ ၁၀ နာရီလောက် မောင်းနှင်ရမယ့် လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာ အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်ရကြောင်း လေယာဉ်မှူးက သတင်းပို့ခဲ့ပေမယ့် လေကြောင်းထိန်းချုပ်ရေး စင်တာနဲ့ အဆက်အသွယ်မရခဲ့ဘူးလို့ ဆိုပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.