သယာဝတီ၊ ဇွန် ၁၃
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (International Committee Of the Red Cross – ICRC) ဝင်ရောက် စစ်ဆေးပြီးနောက် နိုင်ငံရေးအကျဉ်းသား တစ်ဦး ရိုက်နှက်နှိပ်စက် တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ထံက သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက သာယာဝတီအကျဉ်းထောင်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့မှ သွားရောက်စစ်ဆေးတဲ့အချိန် နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောပြခဲ့တာကြောင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကာ တိုက်ပိတ်ခံလိုက်ရပါတယ်။
ICRC အဖွဲ့ အကျဉ်းထောင်အတွင်း သွားရောက်ကြည့်ရှု့ချိန် ထောင်အာဏာပိုင်တွေက အကျဉ်းထောင်တွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို လုံးဝ မပြောကြားဖို့ သာယာဝတီအကျဉ်းထောင် ထောင်ပိုင်မှ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
အဲဒီလို ပိတ်ပင်ထားတဲ့ကြားမှ အကျဉ်းသားတွေ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး ညှဉ်ပန်းနှိပ်စက်မခံရအောင် နိုင်ငံရေးအကျဉ်းသား လူမှုကွန်ရက်ရှေ့နေ ကိုဖိုးဖြူက ICRC တာဝန်ရှိသူတွေကို ပြောပြခဲ့ပါတယ်။
အကျဉ်းထောင်အတွင်း အခွင့်အရေးချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ပြောပြခဲ့တာကြောင့် အကျဉ်းထောင် အာဏာပိုင်တွေက တခြားအမှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ကိုဖိုးဖြူအား ရိုက်နှက်ခိုင်းခဲ့ပြီး ဆေးဝါးကုသခွင့် မပေးတဲ့အပြင် တိုက်ပိတ်ထားတယ်လို့ WOPP ရဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကိုဖိုးဖြူအား ထောင်တွင်း ပါဆယ်ပို့ရာမှာလည်း ဆေးဝါး (မြန်မာဆေး၊ အင်္ဂလိပ်ဆေး) တွေ မပို့ဖို့ ပါဆယ်ပို့ ပုံစံစာရွက်ကိုလည်း ကန့်သတ်ပိတ်ပင်ထားပြီး ပါဆယ်ဟင်းလျာတွေကိုလည်း ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် မိသားစုဝင်တွေ ဆေးဝါးပို့ဆောင်ခွင့်မရဘဲ ပြန်လည်ယူဆောင်လာရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက တဆင့် သိရပါတယ်။
ဒါ့အပြင် အကျဉ်းထောင်ဘက်ကလည်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မပေးတဲ့အပြင် မိသားစုတွေလည်း ဆေးဝါးပို့ဆောင်ခွင့် မရရှိတာကြောင့် အမျိုးသမီးဆောင်မှာလည်း ဆေးဝါးရက်ရှည်သုံးစွဲနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေလည်း အခက်အခဲဖြစ်ပေါ်နေပြီး တီဘီရောဂါဖြစ်ပွားမှုလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို လုပ်ပိုင်ခွင့် အာဏာကို အလွှဲသုံးစားလုပ်ပြီး ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို ပြုလုပ်နေတာကြောင့် ဝိုင်းဝန်းစောင့်ကြည့်ပေးဖို့ WOPP က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AAPP