မုဒုံ၊ ဇွန် ၁၃
မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာနဲ့ နှီးပဒေါကျေးရွာအကြား မုဒုံ-သံဖြူဇရပ်ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့တယ်လို့ ရာမညမွန်တော် (NMSP-AD/RMA) က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က တပ်အင်အား ၃၀ ကျော်ပါ အဖွဲ့ဟာ မြေသယ်ယာဉ်တစ်စီးနဲ့နယ်မြေလှည့်ကင်းထွက်လာချိန် ရာမညမွန်တပ်တော် (NMSP-AD/RMA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
“ကျွန်တော်တို့ဘက်က လက်ဦးမှုယူနိုင်ခဲ့လို့ စကစဘက်က အထိခိုက်ကျဆုံးများတယ်။ သူတို့က ကင်းလှည့်လာတာ။ စကစဘက်က တော်တော် အထိနာတာကို ရဲဘော်တွေရဲ့ မျက်မြင်အရရော အတွင်းသတင်းအရရောသိရတာ” လို့ (NMSP-AD/RMA) ပြောခွင့်ရ နိုင်ကောင်းစကားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးနိုင်ပြီး အသေးစိတ်သိရဖို့တော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း ရာမညမွန်တပ်တော်(NMSP-AD/RMA) ဒုဗိုလ် ဟံသာဗလိုင် ကျဆုံးခဲ့ပြီး တခြား ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကလည်း ရောင်းဒေါင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲနေရာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP-AD က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP-AD/RMA