ကော့ကရိတ်၊ ဇွန် ၁၄

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘော်ရွာကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေး၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့ မြောက်ပိုင်းကျေးရွာဖြစ်ကြတဲ့ နောင်ထပ္ပံ၊ နန်းကော်တေး စတဲ့ကျေးရွာတွေနဲ့ ကျုံဒိုးမြို့အနီးနားတဝိုက်က ကျေးရွာတွေထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

ဇွန် ၁၂ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၄၅ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကော့ဘော်ရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး ၂ ဦးအပါအဝင် အရပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ နယ်မြေခံတွေက ဆိုပါတယ်။

ဒါ့အပြင် နောင်ထပ္ပံကျေးရွာအတွင်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကလည်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်နား ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ကလေး ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးသွားခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကစပြီး ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတစ်လျှောက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ရဲ့ နှစ်ဖက်စစ်ရေးဟာ ၂ လကြာတဲ့ ဇွန် ၁၃ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကော့ကရိတ်၊ ကျုံဒိုးမြို့အနီး အနားတဝိုက်က ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်ကိုမပြန်နိုင်သေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.