ဘီးလင်း၊ ဇွန် ၁၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ဇွန် ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃ ခြေမြန်တပ်ရင်းကနေ အလူးကြီးကျေးရွာထဲကို လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အလူးကြီးကျေးရွာနေ အသက် ၃၄ နှစ်အရွယ် စောငွေလာဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး စောအောင်ဘိုဘို၊ စောဂျစ်တူး၊ စောချစ်ရွှေနဲ့စောဝင်းကြည်တို့ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က တိုက်ပွဲမရှိဘဲ ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ အရပ်သားပြည်သူတွေကို ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်မှုလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလူးကြီးကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံတွေဖြစ်တဲ့ စောစိုးကြီးနဲ့စောထွန်းလှိုင်တို့ နေအိမ်နှစ်လုံးနဲ့ ကားနှစ်စီး ထိမှန်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ရွာခံအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ