ဘေဂျင်း၊ ဇွန် ၁၂
နှစ်နိုင်ငံ ပင်မအကျိုးစီးပွားတွေနဲ့ အဓိက စိုးရိမ်စရာတွေကို အပြန်အလှန် လေးစားပြီး ဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ် ဆက်ရှိနေစေရေး သေချာအောင် ဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ကို ဇွန် ၁၀ ရက်မှာ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတအသစ် လီ ရာထူး စတင်လက်ခံပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုအတွင်း တရုတ်နဲ့ တောင်ကိုရီးယား ဆက်ဆံရေး တည်ငြိမ်ပြီး အားကောင်းလာတာဟာ ဒေသတွင်းနဲ့နိုင်ငံတကာ အကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်စေကြောင်း ပြောပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန် ဒုံးကျည် ကာကွယ်ရေးစနစ် တပ်ဆင်မှုနဲ့ပတ်သက်လို့ နှစ်နိုင်ငံ အငြင်းပွားခဲ့ကြပေမယ့် ၂၀၁၇ ခုနှစ် နောက်ပိုင်း ဆက်ဆံရေး တိုးတက်လာခဲ့ပြီး တရုတ်ဟာ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်ပါတယ်။

မိမိတို့ နှစ်နိုင်ငံအနေနဲ့ အပြန်အလှန် ဆက်သွယ်မှု ပိုများလာအောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး ရင်းနှီးတဲ့ အိမ်နီးချင်းတွေရဲ့ ဦးတည်ရာဆီ လျှောက်လှမ်းရမှာ ဖြစ်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့တာပါ။
နှစ်နိုင်ငံကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။
Ref:Reuters