ကျိုက်ထို၊ ဇွန် ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဒေါင်းတောင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကားမိုင်းဆွဲခံရတဲ့ ဖြစ်စဉ်အတွင်း အရပ်သားကားပါထိမှန်ပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ သိမ်ဇရပ်ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းလာတဲ့ စစ်ကားတန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတန်းနောက်ပါလာတဲ့ အိမ်စီးကားကိုပါ ထိမှန်ခဲ့ပါတယ်။

မိုင်းဆွဲခံရတဲ့ဖြစ်စဉ်အတွင်း သိမ်ဇရပ်မြို့ နဝရတ်ရပ်ကွက် “သဲသဲ” အလှပြင်ဆိုင်က အမျိုးသား နှစ်ဦးနဲ့ အမျိူးသမီးနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက နှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရချိန် စစ်ကောင်စီကားလည်း ထိခိုက်မှုရှိနိုင်ပြီး ကားမရပ်ဘဲ ဆက်မောင်းသွားတာကြောင့် ထိခိုက်မှုရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီမိုင်းဆွဲမှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.