နယူးယောက်၊ ဇွန် ၁၁

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် အတိ ဒုက္ခရောက်နေချိန် ငလျင်ဘေးကြောင့် အခြေအနေ ပိုဆိုးသွားခဲ့ပြီး တိုက်ခိုက်မှုတွေ အဆုံးမသတ်ဘူးဆိုရင် နိုင်ငံပျက်စီးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ဇွန် ၁၀ ရက် အထွေထွေညီလာခံမှာ ပြောကြားလိုက်ပါတယ်။

လူပေါင်း ထောင်နဲ့ချီ သေဆုံးပြီး ထောင်ပေါင်းမနည်း ဒဏ်ရာရခဲ့ပေမယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးမသတ်သေးဘူးလို့ ကုလအထူးကိုယ်စားလှယ်က ပြောတာပါ။

ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အာရုံမစိုက်ဘဲ၊ အကြမ်းဖက် တိုက်ခိုက်မှု အရှိန်မလျှော့ဘဲ၊ အပစ်အခတ် ရပ်စဲမှု မရှိဘဲ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာကို မိမိအနေနဲ့ အမြဲ မပြတ် ပြောဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူနေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးနေချိန်မှာ အသက်ရှင်ကျန်သူတွေက သူတို့ ငြိမ်းငြိမ်းချမ်းချမ်း နေရအောင်လို့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အလိုရှိတယ်လို့ ဂျူလီ ဘစ်ရှော့က ပြောပါတယ်။

ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ အဖွဲ့ တချို့က အပစ်အခတ် ရပ်စဲတယ်လို့ ကြေညာထားပေမယ့် စောင့်ကြည့်မှု မရှိ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အရပ်သားတွေကို ကာကွယ်ရေး ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပြီး အားလုံး ပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့က ဘုံရည်မှန်းချက် ဖြစ်ရမယ်လို့လည်း မစ္စစ် ဘစ်ရှော့က ဆိုပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးမသတ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ကိုယ်တိုင် ပျက်စီးတော့မယ့် လမ်းကြောင်းပေါ်မှာ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေ အများကြီးကို စစ်ကောင်စီက ဖမ်းဆီး ထောင်ချထားချိန်မှာ အားလုံး ပါဝင်တဲ့ ပွင့်လင်း မြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ လုံးဝ ယုံကြည်လို့ မရဘူးလို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်ဖက်သတ် ဖမ်းဆီးထားတဲ့ ရွေးကောက်ခံ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးရေး ကုလသမဂ္ဂက ထပ်မံ တိုက်တွန်းကြောင်းလည်း မစ္စစ် ဘစ်ရှော့က ပြောဆိုခဲ့တာဖြစ်ပါတယ်။

Ref:UN News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.