လော့စ်အန်ဂျယ်လိစ်၊ ဇွန် ၉
ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုအပေါ် မကျေနပ်တဲ့ ဆန္ဒပြသူတွေက ဥပဒေထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေကို ထိပ်တိုက်ရင်ဆိုင်နေချိန် ဆန္ဒပြပွဲ တတိယမြောက်နေ့မှာ အမေရိကန်နိုင်ငံ လော့စ်အန်ဂျယ်လိစ်မြို့ မြို့လယ်ခေါင်ရှိ ကားတွေ မီးရှို့ခံခဲ့ရပါတယ်။
သမ္မတ ဒေါ်နယ်ထရန့် ချထားတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲဖို့ ကြိုးပမ်းတာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ထိခိုက် ဒဏ်ရာရသူတွေ ရှိပါတယ်။

လော့စ်အန်ဂျယ်လိစ်ရှိ အဓိကလမ်းမ တစ်ခုကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြသူတွေကို တပ်ဖွဲ့ဝင်တွေက လူစုခွဲခဲ့ပြီးနောက် လော့စ်အန်ဂျယ်လိစ်မြို့ လယ်ခေါင်မှာ စုဝေးနေကြတဲ့ ဆန္ဒပြသူတွေ ချက်ချင်း ထွက်ခွာသွားဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားခဲ့ပါတယ်။
သမ္မတ ထရန့်က အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်ထားတဲ့ သူ့ရဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုပြီး တရားဥပဒေ စိုးမိုးရေး သေချာအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆွန်က တပ်ဖွဲ့ဝင်တွေ ချထားမှု ပြန်ရုတ်သိမ်းဖို့ တောင်းဆိုပြီး အဲဒီ တရားမဝင် လုပ်ရပ်တွေအတွက် အစိုးရကို တရားစွဲမယ်လို့ ပြောထားပါတယ်။
ဆန္ဒပြသူတွေက မြို့လယ်ခေါင်ရှိ မောင်းသူမဲ့ မော်တော်ကားတွေကို မီးရှို့ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထရန့်က လော့စ်အန်ဂျယ်လိစ်မှာ အခြေအနေ ဆိုးရွားနေကြောင်းနဲ့ မျက်နှာဖုံး စွပ်ထားသူတွေကို ဖမ်းဆီးဖို့ အွန်လိုင်းကနေ တိုက်တွန်းထားပါတယ်။
ဇွန် ၈ ရက်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မငြိမ်သက်မှုအတွင်း လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၃၀၀ ချထားပြီးချိန်မှာ မရိန်းတပ်ဖွဲ့ဝင်တွေ ချထားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref:BBC