ပုလော၊ ဇွန် ၉
တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်းတပ်သား တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သား ကိုနေဇော်အောင် ဖြစ်ပါတယ်။
ကိုနေဇော်အောင်ဟာ အလင်းဝင်လာတဲ့အချိန် MA 1 သေနတ်တစ်လက်နဲ့အတူ ကျည်ဘောက် ၆ ခု၊ ကျည်ဆံ ၁၅၀ တောင့်နဲ့ အလင်းဝင်လာတာကြောင့် ဆုကြေးငွေ သိန်း ၅၀ ကျပ် ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုနေဇော်အောင်ဟာ ဧရာဝတီတိုင်း ဇလွန်မြို့ကနေ မော်လမြိုင်မြို့ကို အလုပ်လာလုပ်ရင်း ရထားဘူတာမှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားကာ ပေါ်တာဆွဲခံခဲ့ရပါတယ်။
အဲဒီနောက် ပုလောမြို့နယ် အခြေစိုက် ပလောက်မြို့ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို ပို့ဆောင်ခံရကာ သင်တန်းသုံးလတက်ပြီး ရှေ့တန်းစစ်မြေပြင်ကို့ ပို့ဆောင်ခံရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရပြီး မတရားစစ်မှုထမ်းသွတ်သွင်းခြင်းခံတဲ့ ပြည်သူတွေအနေနဲ့ အလင်းဝင်ရောက်မယ်ဆိုပါက ထားဝယ်ခရိုင်၊ အမှတ်(၁)တပ်ရင်းရဲ့ Page တွေကတဆင့် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း