မော်စကို၊ ဇွန် ၇
အီရန်ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးရာမှာ အထောက်အကူ ဖြစ်စေရေး အီရန်နဲ့ ရုရှားရဲ့ ရင်းနီးမှုကို အသုံးချပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကူညီပေးဖို့ သမ္မတ ဗလာဒီမာ ပူတင် အသင့်ရှိတယ်လို့ ကရင်မလင် နန်းတော်က ဇွန် ၅ ရက်မှာ ပြောလိုက်ပါတယ်။
သမ္မတ ပူတင်နဲ့ ဖုန်းနဲ့ ဆက်သွယ် ပြောကြားပြီးနောက် အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ဖို့အချိန် အများကြီး မရှိတော့ကြောင်း၊ အီရန်အနေနဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့် မရှိဘူးဆိုတာကို ပူတင်အနေနဲ့ သဘောတူမယ်လို့ ယုံကြည်ကြောင်း ထရန့်က ပြောတာပါ။

အီရန်နဲ့ နျူကလီးယား ဆွေးနွေးမှုတွေမှာ ပူတင် ပါဝင်နိုင်ရင် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ထရန့်ကို ပြောခဲ့ကြောင်း သိရပါတယ်။
အီရန်နဲ့ရုရှားကြား ရင်းနှီးတဲ့ လက်တွဲမှုတွေ ရှိနေပြီး ဆွေးနွေးမှုတွေ လွယ်ကူချောမွေ့စေဖို့ ပူတင်က ထရန့်ကို ကူညီပေးဖို့ အသင့်ရှိတယ်လို့ ကရင်မလင် နန်းတော် ပြောခွင့်ရ ဒီမီထရီ ပက်စကော့က ပြောပါတယ်။
ဆွေးနွေးမှုတွေမှာ ပူတင် ပါဝင်လာနိုင်သလားလို့ မေးမြန်းရာမှာ ပြောခွင့်ရ ပက်စကော့က တီဟီရန်နဲ့ ဝါရှင်တန်ကြား နည်းလမ်း အများကြီးနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ပဲ ဖြေပါတယ်။

သမ္မတအနေနဲ့ လိုအပ်တဲ့အချိန်မှာ ဝင်ပါနိုင်ပါလိမ့်မယ်လို့ ပက်စကော့က ဖြည့်စွက် ပြောထားပါတယ်။
အမေရိကန်က ယူရေနီယံ သန့်စင်မှု လုံးဝ ရပ်တန့်ဖို့ အီရန်ကို တောင်းဆိုထားပေမယ့် အီရန်က ပယ်ချထားပါတယ်။
၅ ကြိမ် ဆွေးနွေးပြီးနောက်မှာ အီရန်နဲ့အမေရိကန်ကြား သဘောထးား ကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပြီး အထူးသဖြင့် ယူရေနီယံ သန့်စင် ထုတ်လုပ်မှုကို အီရန်က ဆက်လက် လုပ်ဆောင်ခွင့် တောင်းဆိုထားပါတယ်။
အမေရိကန်ရဲ့ တောင်းဆိုမှုတွေက အီရန်ရဲ့ အကျိုးစီးပွားတွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်လို့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပြောထားပါတယ်။
Ref:Reuters