ဘန်ကောက်၊ ဇွန် ၇
ကမ္ဘောဒီးယား-ထိုင်းနယ်စပ် တင်းမာမှုတွေကို အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အများပြည်သူ ပြစ်တင်ဝေဖန်မှု ပိုများလာနေချိန် စစ်တပ် အာဏာသိမ်းနိုင်ခြေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ထိုင်း ကာကွယ်ရေး ဝန်ကြီး ဖွမ်သန် ဝီချာယာချိုင်းက ပယ်ချလိုက်ပါတယ်။
အမျိုးသားရေးဝါဒီအဖွဲ့တချို့က အာဏာသိမ်းနိုင်ခြေ၊ အစိုးရ ထုတ်ပယ်ခံရနိုင်ခြေနဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ရာမှာ ဝန်ကြီး ဖွမ်သန်က သူနဲ့ စစ်တပ်ကြား အဆက်အသွယ် အမြဲရှိပြီး စစ်တပ် ကြားဝင် ဖြေရှင်းမယ့် လက္ခဏာ မတွေ့ရဘူးလို့ ဇွန် ၆ ရက်မှာ ပြောဆိုခဲ့တာပါ။

အမျိုးသားရေးဝါဒ သဘောထားတွေ အားကောင်းလာစေဖို့ သွေးထိုး လှုံ့ဆော်နေသူတွေအနေနဲ့ စစ်ပွဲဆိုတာ ရှောင်ရှားတာ အကောင်းဆုံးပဲ ဆိုတာ သူတို့ နားလည်သင့်ကြောင်း၊ သွေးထိုးလှုံ့ဆော်မှု မလုပ်ကြဖို့နဲ့ လုပ်ခဲ့ရင် ပြဿနာတွေ နောက်က လိုက်လာမှာ ဖြစ်ကြောင်း ဝန်ကြီး ဖွမ်သန်က ဆိုတာပါ။
အများပြည်သူအနေနဲ့ အပြုသဘော စဉ်းစားကြဖို့ နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ်တာနဲ့ သံတမန် ဆက်ဆံရေး ထိန်းသိမ်းမှုကြား ကွဲကွဲပြားပြား သိအောင် လုပ်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
ကမ္ဘာကြီးမှာ ပြဿနာတွေ အများကြီး ရှိနေပြီး နိုင်ငံတကာ ဆက်ဆံရေးဟာ အငြင်းပွားမှု ဖြေရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သင့်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ အားကောင်းတဲ့ ရပ်တည်ချက်ကြောင့် ပြဿနာ အရှိန်မြင့်လာပြီး အာဏာသိမ်းမှု ဖြစ်လာမှာလားဆိုတဲ့ မေးခွန်းကို ဝန်ကြီး ဖွမ်သန်က စစ်တပ်မှာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် တာဝန်တွေရှိပြီး အစိုးရနဲ့ ပဋိပက္ခ မဖြစ်ရဘူးလို့ ပြောပါတယ်။
စစ်တပ်ရဲ့ တာဝန်တွေထဲမှာ နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ်ရေးလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
မေ ၂၈ ရက်က နှစ်နိုင်ငံနယ်စပ်မှာ ခေတ္တဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ကမ္ဘောဒီးယားက နိုင်ငံတကာတရားရုံးမှာ ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။
ထိုင်းက နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းဖို့ အလိုရှိနေပြီး နယ်စပ် တင်းမာမှု အရှိန်ပိုမြင့်လာလို့ လိုအပ်ရင် အဆင့်မြင့် စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ စစ်တပ်က ကြိုတင်ပြင်ဆင်ထားပါတယ်။
အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် စစ်တပ်က စိတ်ပျက်နေပြီး အများပြည်သူ ဝေဖန်မှုတွေလည်း ပိုများလာနေပါတယ်။
နှစ်နိုင်ငံ အငြင်းပွားမှုအတွင်း နယ်မြေ ဆုံးရှုံးနိုင်တာကြောင့် ထိုင်းအစိုးရအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ဖို့ ပြည်သူတွေက အလိုရှိနေတာ ဖြစ်ပါတယ်။
Ref:Bangkokpost