သထုံ၊ ဇွန် ၈
မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်းရှိ KNU တပ်မဟာ ၁ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်မှု ၂၃ ကြိမ်၊ လေကြောင်းကနေ ဗုံးကြဲမှု ၁၆ ကြိမ်ပြုလုပ်ခဲ့တာပါ။
လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်မှာ အရပ်သား နှစ်ဦး၊ သထုံမြို့နယ်မှာ အရပ်သားတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၅၇ လုံး၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ဆေးရုံ ၂ ရုံ ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်နေလို့ ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနှစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သထုံခရိုင်အတွင်းရှိ နှစ်ဖက်စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀၀၀ ကျော် စစ်ရှောင်ခဲ့ရပြီး အဲဒီထဲမှာ သုံးပုံတစ်ပုံလောက်သာ နေရပ်နိုင်သေးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG