နေပြည်တော် ၊ ဇွန် ၇
ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက် စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့လက်ရှိ စာရင်းတွေအရ မဲဆန္ဒနယ် ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ ရှိတယ်လို့ ဇွန် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ နားလည်ရပါတယ်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပဖို့ လျာထားတဲ့အတွက် ကျင်းပမယ့်ရက်တွေကို သတ်မှတ်ထုတ်ပြန်ပြီးချိန်မှာ နယ်မြေလုံခြုံရေးအခြေအနေအရ ကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး မကျင်းပနိုင်တဲ့ နယ်မြေတွေကိုလည်း ကြေညာပေးမယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာတတိယအပတ်ကနေ ဇန်နဝါရီ ဒုတိယအပတ်အထိ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ အရင်ကျင့်သုံးခဲ့တဲ့ မဲများသူအနိုင်ယူစနန် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR နှစ်မျိုးစလုံးကို အသုံးပြုသွားမယ်လို့ ကော်မရှင်ကနေ သိရပါတယ်။
အဲဒီစနစ်တွေကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဘယ်လိုကျင့်သုံးပြီး မဲပေးရမလဲဆိုတာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေပြဌာန်းထုတ်ပြန်ပြီးမှ အသေးစိတ်သိရမှာပါ။
ရွေးကောက်ပွဲမဲပေးစနစ်ကိုတော့ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမှာဖြစ်ပြီး နယ်မြေအခြေအနေအရ ကန့်သတ်ချက်ရှိတဲ့ နယ်မြေတွေကလွဲရင် တိုင်းနဲ့ ပြည်နယ်တွေအားလုံးဦးစားပေးအစီအစဉ်အတိုင်း ကျင်းပဖို့ လျာထားတယ်လို့ ကော်မရှင်က ဆိုပါတယ်။
လက်လွှတ်ထားရတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ နယ်မြေတွေအတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ လုပ်ထားတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ မဲပေးကြမယ့်ပြည်သူတွေအတွက် ကော်မရှင်ဘက်က သေချာတဲ့အဖြေ မရှိသေးတာ တွေ့ရပါတယ်။
ပြောင်းလဲကျင့်သုံးမယ့် စနစ်နဲ့ ကိုယ်ညီမယ့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေတွေ ပြဌာန်းဖို့လုပ်ဆောင်နေပြီး မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်မယ်လို့ ကော်မရှင်က အသိပေးထားတာပါ။
နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲအသုံးစရိတ်ကို စစ်ကောင်စီက လေးပုံတစ်ပုံသာ ကော်မရှင်ကို ခွင့်ပြုပေးလိုက်တာဖြစ်လို့ မြို့နယ် ၈၀ ကျော်လောက်သာ ကျင်းပနိုင်မယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI