နေပြည်တော် ၊ ဇွန် ၈

ရှမ်းမြောက်ရှိ သိန္နီမြို့ကို ပြန်အပ်ဖို့ သတင်းတွေထွက်ပေါ်နေသလို စစ်ကောင်စီတပ်ကလည်း နောင်ချိုမြို့အနီးကို ရောက်ရှိလာချိန်မှာ တရုတ်သံအမတ်ကြီးက စစ်ကောင်စီကာကွယ်ရေးဝန်ကြီးနဲ့ နေပြည်‌တော်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားက ဇွန် ၆ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုအတွင်း မြန်မာ – တရုတ် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နယ်စပ်တည်ငြိမ်ရေး၊လုံခြုံရေးနဲ့ ငလျင်ဘေး ပြန်လည်ထူထောင်ရေးတွေမှာ ပါဝင်ကူညီနိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က တော်လှန်ရေးမှာပါဝင်နေတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်ဖိအားဟာ ကြီးမားတဲ့အတွက် စစ်ကောင်စီက အခုလို နှပ်ကြောင်းပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ သိန္နီကလည်း နယ်စပ်ကုန်သွယ်ရေးပွင့်ဖို့ လားရှိုးလိုမျိုးပဲ အချက်အခြာကျတဲ့ အနေအထားမျိုး ရှိတယ်။ ချင်းရွှေဟော်ဘက်ကနေ ကုန်သွယ်မယ်ဆိုရင် သိန္နီက အဓိက ကျတာပေါ့။ အဲဒီတော့ အနေအထားကတော့ (သိန္နီကို ပြန်ပေးဖို့) မဟုတ်ဘူးလို့ ပြောတယ်။ နောင်ချိုကတော့ စစ်ရေးနည်းနဲ့ ရသွားနိုင်မယ့် အနေအထားမျိုးရှိတယ်။ သိန္နီကိစ္စကတော့ လက်ရှိ တာဝန်ရှိသူတွေ ပြောစကားအရ ငြင်းထားတာပေါ့။ ဒါပေမယ့် စစ်ကောင်စီက ဒီလိုမျိုး နှပ်ကြောင်းတွေပေးလာတာပေါ့။ တရုတ်ရဲ့ ဖိအားကတော့ ကြီးမားတယ်လို့ ကျွန်တော်တို့ ကြားနေရတယ်”လို့ ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့ ဖေဖော်ဝါရီကတည်းက စစ်ကောင်စီရဲ့ ထိုးစစ်တွေ စတင်ခဲ့ပြီး လက်ရှိမှာ မြို့နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ကံကြီးရွာအထိ ရောက်ရှိလာနေတာပါ။

တစ်ဘက်မှာ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့သိန္နီမြို့ကို စက်တင်ဘာလအတွင်းစစ်‌ကောင် စီထံ ပြန်လည်လွှဲအပ်ဖို့ သတင်းတွေထွက်နေချိန် တရုတ်အသံအမတ်က ကာကွယ်ရေးဝန်ကြီးနဲ့ အခုလို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ မြန်မာ့အရေး တရုတ်ရဲ့ ဝင်ရောက်စွက်မှုဟာ ရှမ်းမြောက်မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေအတွင်း ဒီဇင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ခွင့်ပြုပေးဖို့အထိ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေအပေါ် ဖိအားရှိနေတာလို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်‌ရေးအတွက် အရေးပါတဲ့ မန္တလေး၊ လားရှိုး၊ မူဆယ်၊ သိန္နီ၊ ချင်းရွှေဟော် လမ်းကြောင်းရှိ စစ်ကောင်စီ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တရုတ်ဖိအားနဲ့ စစ်ရေးအရ ပေါင်းစပ်ပြီး ပြန်ယူဖို့အထိ လုပ်လာနိုင်တယ်လို့ ထောက်ပြကြပါတယ်။

နိုင်ငံရေးထွက်ပေါက်အဖြစ် ဒီနှစ်ကုန်ပိုင်းမှာ စစ်‌ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် အားပေးထောက်ခံကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ ဧပြီမှာလည်း တရုတ်အစိုးရရဲ့ ဖိအားကြောင့် ကိုးကန့်တပ် MNDAA အဖွဲ့ဝင်တွေ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ မြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုမှာ ပြန်လည်အခြေချနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.