မော်လမြိုင်၊ ဇွန် ၆

နိုင်ငံတဝန်းမှာ အခုနှစ်ငါးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅၁၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ ငါးလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂၃၅ ဦးနဲ့ အမျိုးသား ၁၉၃ သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၉ ဦး ပါဝင်ပြီး သေဆုံးသူ‌တွေထဲမှာ စစ်ကိုင်းတိုင်းက ၁၃၀ ဦး အများဆုံးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၆၈ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄၃ ဦးနဲ့ အမျိုးသား ၄၅ ဦး စုစုပေါင်း ၈၈ ဦး သေဆုံးခဲ့တယ်လို့ AAPP က ဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၆၇၇၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.