ဝါရှင်တန်၊ ဇွန် ၅

အန္တရာယ်ရှိတဲ့ နိုင်ငံခြားသားတွေ ရန်ကနေ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ရေး နိုင်ငံတချို့အပေါ် ခရီးသွားလာမှုတွေကို တားမြစ်တဲ့ ကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ဇွန် ၄ ရက်က ပြောကြားလိုက်ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ အာဖဂ္ဂန်နစ္စတန်၊ မြန်မာ၊ ချက်၊ ကွန်ဂို၊ အီကွေတိုရီရယ် ဂီနီယာ၊ အီးရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်စတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံက နိုင်ငံသားတွေကို အမေရိကန်ဆီ ဝင်ရောက်ခွင့် အပြည့်အဝ တားမြစ်တာ ဒါမှမဟုတ် ကန့်သတ်မှုတွေ ပြုလုပ်ကြောင်း ဖော်ပြထားပါတယ်။

တခြား ၇ နိုင်ငံဖြစ်တဲ့ ဘူရွမ်ဒီ၊ ကျူးဗား၊ လာအို၊ ဆီယာရာ လီယွန်၊ ကွန်ဂို၊ တက်ခ်မန်နစ္စတန်၊ ဗင်နီဇွဲလားတို့ရဲ့ နိုင်ငံသားတွေကို တစ်စိတ်တစ်ပိုင်း တားမြစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်အတွက် အရမ်း အန္တရာယ်များတယ်လို့ သတ်မှတ်ခံထားရတဲ့ နိုင်ငံသားတွေအနေနဲ့ ပြည်ဝင်ခွင့် လုံးဝ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်ဟာ ဇွန် ၉ ရက် အရှေ့တိုင်းစံတော်ချိန် မနက် ၁၂ နာရီ ၁ မိနစ်မှာ အသက်ဝင်မှာ ဖြစ်ပြီး အဲဒီအချိန် မတိုင်ခင်က ထုတ်ပေးထားတဲ့ ဗီဇာတွေကို ပယ်ဖျက်သွားမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။

အားကစား နည်းပြတွေနဲ့ ဆွေမျိုးတော်သူတွေအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အိုလံပစ်ပွဲနဲ့ တခြား အဓိက အားကစားပွဲတွေအတွက် လာရောက်မယ့် အားကစားသမားတွေကိုတော့ ခြွင်းချက် ပေးထားတယ်လို့ သိရပါတယ်။

ကိုလိုရာဒို ပြည်နယ်မှာ ဂျူးလူမျိုးတွေရဲ့ ဆန္ဒပြပွဲအတွင်း အီဂျစ် နိုင်ငံသား တစ်ဦးက မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အဲဒီ ကြေညာချက် ထုတ်ပြန်တာ ဖြစ်ကြောင်း သမ္မတ ထရန့်က ပြောပါတယ်။

ဥရောပမှာ ဖြစ်ပွားနေတဲ့ အခြေအနေမျိုးကို အမေရိကန်မှာ ဖြစ်ပွားခွင့် ပေးမှာ မဟုတ်ဘူးလို့ ထရန့်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.