ဘီးလင်း၊ ဇွန် ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီးမှာ လုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၃၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သပြေနီကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ သပြေနီဘက်ကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်တို့အကြား မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း နှစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလည်း ပါဝင်နေတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတွေက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဉ်တွေနဲ့ကျိုက်ထိုဘက်ကို ပြန်သယ်သွားပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာအနီးကိုလည်း ဒေသခံတွေကို သွားလာခွင့်မပေးဘဲ ဒဏ်ရာရသူတွေသယ်သွားပြီးမှ ပြန်လည်သွားလာခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သပြေနီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီလလောက်ကစပြီး စစ်ကောင်စီနဲ့ပျူအင်အား ၄၀ နီပါးဟာ ကင်းပတ်တာ၊ ကင်းပုန်းဝပ်တာတွေကို နေ့စဉ်ဆောင်ရွက်နေတာရှိပြီး တခါတရံ အရပ်ဝတ်တပိုင်း၊ စစ်ဝတ်တပိုင်းနဲ့ဖြစ်သလို တခါတရံမှာတော့ အရပ်ဝတ်တွေနဲ့ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.