ခတ္တမန္ဒူ၊ မေ ၃၁

မေ ၃၀ ရက်က မြို့တော် ခတ္တမန္ဒူမှာ နီပေါလ်နိုင်ငံသား ထောင်ပေါင်းများစွာ ချီတက်ပြီး ဘုရင်စနစ် ပြန်လည်ထားရှိဖို့နဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြုတ်ချခံခဲ့ရတဲ့ ဘုရင်ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။

လူ ၁၆၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဆယ်စုနှစ် တစ်စုကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်း အဖြစ် လွှတ်တော်က ဘုရင်စနစ်ကို ပယ်ဖျက်ခဲ့ပြီးနောက် ဟိန္ဒူဘာသာဝင်အများစု ရှိတဲ့ နိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ နိုင်ငံရေး သီးသန့်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှု၊ အကျင့်ပျက် ခြစားမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးမှုတို့နဲ့ပတ်သက်လို့ နီပေါလ်မှာ မကျေနပ်မှုတွေ ပိုများလာပြီး ဘုရင်အပေါ် ထောက်ခံသူ ပိုများလာချိန်မှာ မေ ၃၀ ရက်က ဆန္ဒပြပွဲတွေဟာ နောက်ဆုံး ထောက်ခံမှု ပြသခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ဘုရင် ပြန်လာပြီး နိုင်ငံကို ကယ်တင်ပေးပါလို့ တစ်ညီတစ်ညွတ်တည်း အော်ဟစ်ခဲ့ကြပါတယ်။

မိမိတို့အနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ် လိုအပ်နေပြီး အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ကြရမယ်လို့ အသက် ၅၈ နှစ်အရွယ် ပရမ် ဗဟာဒူး မာဂါ ဆိုသူက ပြောပါတယ်။

အကြမ်းဖက် နှိမ်နှင်းရေး ရဲတပ်ဖွဲ့က စောင့်ကြည့်နေခဲ့ပေမယ့် ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့တာ မရှိပါဘူး။

လွန်ခဲ့တဲ့ ၁၇ နှစ်က ဘုရင်ကို ဖြုတ်ချဖို့ လမ်းပေါ်ထွက် ဆန္ဒပြရာမှာ မိမိပါဝင်ခဲ့ပေမယ့် အခုတော့ အဲဒါအတွက် စိတ်မကောင်း ဖြစ်နေမိပြီး ဘုရင်ဟာ လက်ရှိ အကျင့်ပျက် ခေါင်းဆောင်တွေထက် အများကြီး ပိုကောင်းတယ်လို့ ခံစားနေရကြောင်း ဗဟာဒူးက ပြောကြားပါတယ်။

ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီရဲ့ မာ့စ်ဝါဒီ CPN-UML ပါတီက နိုင်ငံတော်နေ့ အခမ်းအနားအတွက် ချီတက်ပွဲ ပြုလုပ်ခဲ့ပြီး တစ်ရက် အကြာမှာ အခုလို ဆန္ဒပြပွဲတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဘုရင်စနစ် ပြန်လည်ထားရှိရေး တောင်းဆိုမှုတွေ မအောင်မြင်နိုင်ဘူးလို့ အာဏာရပါတီ ထောက်ခံသူတွေက ပြောကြားပြီး နိုင်ငံသား အများစုက လက်ရှိ စနစ်ကို အလိုရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဘုရင်လိုလားတဲ့ ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစု ခွဲခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သလို ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

နီပါလ်ရဲ့ နောက်ဆုံးဘုရင် ဂျီယာနန္ဒရာရှားက အကြမ်းဖက် ဆန္ဒပြပွဲတွေအတွက် ဝမ်းနည်းမိကြောင်း နောက်တစ်လအကြာမှာ ပြောကြားခဲ့ပေမယ့် ဆန္ဒပြသူတွေကို ထောက်ခံခဲ့ပါတယ်။

အစ်ကိုဖြစ်သူ ဘူရင် ဘီကရမ် ရှားနဲ့ သူ့မိသားစုတို့ နန်းတော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွင်း သတ်ဖြတ်ခံခဲ့ရပြီးနောက် ဘုရင် ဂျီယာ နန္ဒရာရှားဟာ ၂၀၀၁ ခုနှစ်မှာ နန်းတက်ခဲ့တာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.