နမ့်ခမ်း၊ မေ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ် စွန့်လွှတ်ထားတဲ့မိုင်း နင်းမိတာကြောင့် အမျိုး သားတစ်ဦး ခြေတောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မေ ၃၀ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဦးထွန်းလှဟာ မီးသွေးသွားကြည့်ရာမှ ဟိုပေါ်အထက်ကျေးရွာအနီးမှာ မှိုခူးနေချိန် မိုင်းနင်းမိခဲ့တာပါ။
မိုင်းနင်းမိတာကြောင့် ဦးထွန်းလှဟာ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းနင်းမိခဲ့တဲ့နေရာဟာ အရင်က စစ်ကောင်စီတပ် တပ်စခန်းချ နေထိုင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကလည်း မိုးကုတ်မြို့နယ် လယ်ဦးကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA