ဝါရှင်တန်၊ မေ ၃၁
အမေရိကန် တက္ကသိုလ်တွေကို တရုတ် ကွန်မြူနစ်ပါတီက အသုံးချလာမှု၊ သုတေသနပြုချက်တွေနဲ့ အသိဉာဏဆိုင်ရာ ပိုင်ဆိုင်မှုတွေ ခိုးယူနေမှုကို အမေရိကန်က သည်းခံနေမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရု့စ်က ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မေ ၂၈ ရက်မှာ ကြေညာခဲ့တဲ့ ဗီဇာတွေ ပြင်းပြင်းထန်ထန် ရုတ်သိမ်းသွားမယ့် အစီအစဉ်အသစ်ကြောင့် တရုတ် ကျောင်းသား ဘယ်နှယောက် ထိခိုက်နိုင်သလဲဆိုတာကို ပြောကြားဖို့ ပြောခွင့်ရသူ ဘရု့စ်က ငြင်းဆိုပြီး နိုင်ငံအတွက် အန္တရာယ် ဒါမှမဟုတ် ပြဿနာရှိတယ်လို့ ထင်မှတ်ရသူ မှန်သမျှကို အရာရှိတွေက စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အန္တရာယ်ပေးလာနိုင်သူတွေကို ဘယ်လို ဆုံးဖြတ်သွားမလဲ ဆိုတာကိုတော့ သူက မပြောသွားပါဘူး။
တရုတ် ကွန်မြူနစ်ပါတီနဲ့ ဆက်စပ်နေတဲ့ တရုတ် ကျောင်းသားတွေ နဲ့ အရေးကြီးတဲ့ နယ်ပယ်တွေမှာ ပညာသင်ယူနေသူတွေ အပါအဝင် နိုင်ငံခြားကျောင်းသားတွေကို ပစ်မှတ်ထားပြီး ဗီဇာ ရုတ်သိမ်းသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြေညာထားတာပါ။
အမေရိကန် ဘေးကင်းစေရေးအတွက် တရုတ် ကွန်မြူနစ်ပါတီက မိမိတို့ရဲ့ တက္ကသိုလ်တွေကို အသုံးချပြီး သုတေသနပြုချက်တွေနဲ့ အသိဉာဏဆိုင်ရာ ပိုင်ဆိုင်မှုတွေ ခိုးယူနေမှုကို လုံးဝ သည်းခံသွားမှာ မဟုတ်ကြောင်း ပြောခွင့်ရသူ ဘရု့စ်က ပြောတာပါ။

နိုင်ငံခြားကျောင်းသားတွေအတွက် ဗီဇာ ထုတ်ပေးရေး ချိန်းဆိုထားမှု အားလုံးကို ပယ်ဖျက်ဖို့ ကမ္ဘာတဝန်းရှိ အမေရိကန် သံရုံးတွေကို ထရန့် အစိုးရက ညွှန်ကြားခဲ့ပြီးနောက် အမေရိကန်မှာ ပညာသင်ယူနေတဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို ရုတ်သိမ်းမယ့် အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန် ဗီဇာ လျှောက်ထားပြီးသား ကျောင်းသားတွေအနေနဲ့ ဘယ်အချိန်လောက်မှာ ပြန်လည် ချိန်းဆိုခွင့် ရရှိနိုင်မလဲဆိုတဲ့ မေးခွန်းကို ပြောခွင့်ရသူ ဘရု့စ်က အဖြေမပေးဘဲ အမေရိကန် ဗီဇာစနစ် အပြောင်းအလဲတွေကို စောင့်ကြည့်ကြဖို့ အကြံပေးသွားပါတယ်။
ကွန်မြူနစ်ပါတီက အမေရိကန်ရှိ တရုတ်ကျောင်းသားတွေ၊အလုပ်သမားတွေ ပညာရှင်တွေကတဆင့် အမေရိကန် နည်းပညာတွေကို ခိုးယူနေတယ်လို့ အမေရိကန်က သံသယ ရှိနေတာ ဖြစ်ပါတယ်။
Ref:Reuters