မကွေး၊ မေ ၃၀
မကွေးတိုင်း စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်အစပ်က စစ်ရှောင်ကျေးရွာတွေမှာ ယားနာနဲ့ ငှက်ဖျားအ တွက် ဆေးဝါးတွေလိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ရှောင်လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့အထဲက လူဦးရေ ၂၀၀ ကျော်လောက်ဟာ ယားနာရောဂါ ဖြစ် ပွားနေတယ်လို့ သိရပါတယ်။
“အဓိကကတော့ ငှက်ဖျားပိုးစတွေ့လာရပြီ။ ယားနာကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာကို ဆယ်ဂဏန်းလောက်ရှိနေတာ။ အကုန်တွက်ကြည့်မယ်ဆို ရာဂဏန်းလောက်ရှိမယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလတတိယပတ်အတွင်း ဒေသခံတစ်ဦးထံကနေ ငှက်ဖျားပိုးစတင်တွေ့ရှိပြီးတဲ့နောက် အစုလိုက်အပြုံလိုက် ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။
အဲဒီဒေသမှာ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးကတော့ Test Kids တွေနဲ့ စစ်ဆေးပြီးတော့ ထွက်လာတဲ့ ရလဒ်အပေါ် မူတည်ပြီး ဆေးဝါးတွေလိုအပ်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီဒေသက စစ်ရှောင်တွေဟာ ၂၀၂၄ ခုနှစ် နှစ်ဝက်လောက်ကတည်းက စစ်ဘေးရှောင်နေကြရ တာဖြစ်ပြီးတော့ မိုးရာသီကာလအစ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့်လည်း အမိုးအကာတွေလိုအပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media