ရေဖြူ၊ ဇွန် ၁
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်မှာ Non CDM ကျန်းမာရေးဝန်ထမ်းတွေအပါ အဝင်လေးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၃၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ မောရဝတီရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေနဲ့ ရောက်ရှိလာပြီးနောက် ကံပေါက်တိုက်နယ်က ရပ်ကွက်တချို့ကို ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီနောက် လှည်းကုန်း (၁) ရပ်ကွက်မှာ နေထိုင်တဲ့ Non CDM ကျန်းမာရေးဝန်ထမ်း ဒေါ်သန်းသန်းမော် ၊ သမီးဖြစ်သူ ကျန်းမာရေးဝန်ထမ်း ဒေါ်ဇင်မော်နိုင် နဲ့ သားဖြစ်သူ ကိုထက်ထက်နဲ့ လှည်းကုန်း (၂) ရပ်ကွက်မှာနေထိုင်တဲ့ CDM ကျန်းမာရေးဝန်ထမ်း ဦးကျော်စိုးဝင်းတို့ကို နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း ဒေါ်သန်းသန်းမော်နဲ့သမီးဖြစ်သူ ဒေါ်ဇင်မော်နိုင်တို့ဟာ ကံပေါက်တိုက်နယ်ဆေးရုံမှာ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ပြီး ဦးကျော်စိုးဝင်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ကာ နေအိမ်မှာပင် ဆေးကုသနေသူဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားတဲ့သူတွေကိုတော့ စစ်ကောင်စီဘက်က တော်လှန်ရေးအဖွဲ့တွေကို ထောက်ပို့လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ဖမ်းဆီးသွားတာလို့ သိရပြီး မောရဝတီရေတပ် စစ်ကြောရေးမှာ ဖမ်း ဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း CDM ဆရာမတွေအပါအဝင် ဒေသခံလုပ်ငန်းရှင်တွေကအစ မကြာခဏဖမ်းဆီးခံရပြီး အများစုဟာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာတွေအရ တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၂၅၀ ထက်မနည်း ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ