ဆိုးလ်၊ မေ ၂၆
နိုင်ငံရေး ပြဿနာ ကြုံပြီးနောက် ဇွန် ၃ ရက်မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် အချေအတင် ဆွေးနွေးနေတဲ့ ကိစ္စတစ်ခု အဖြစ် သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြန်လည် ပုံသွင်းရေး ဖွဲ့စည်းပုံနဲ့ အညီ ပြင်ဆင်သွားဖို့ တောင်ကိုရီးယား ပါတီ နှစ်ရပ်လုံးက တောင်းဆိုထား ပါတယ်။
သမ္မတဟောင်း ယောင်ဆွတ်ယိုလ်ရဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေးဥပဒေ တစ်ရပ် အမှတ်မထင် ကြေညာမှုနဲ့ပတ်သက်လို့ သူ့ကို စွပ်စွဲ ပြစ်တင်ပြီး ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဓိကပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းသွားမယ်လို့ ကြွေးကြော်ထားကြပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်နိုင်ခြေဟာ အရင်ကထက် ပိုမြင့်မားနေတယ်လို့ ခွန်ဟီးတက္ကသိုလ် ပြည်သူ့အုပ်ချုပ်ရေး အင်စတီကျု ပါမောက္ခ ချေဂျင်းဝမ်က ပြောပါတယ်။
တိုက်ရိုက် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့နဲ့ တစ်ကြိမ်တည်း ၅ နှစ် သက်တမ်း ထမ်းဆောင်ရေး ၁၉၈၇ ခုနှစ်က ဖွဲ့စည်းပုံကို နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါတယ်။
အပြောင်းအလဲတွေကို အချေအတင် ဆွေးနွေးလာခဲ့တာ ကြာပြီ ဖြစ်ပေမယ့် တစ်ခါမှ အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။

လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲမှာ တစ်ပြေးနေသူ လီဂျေးမြောင်က ၂၀၃၀ ပြည့်နှစ်မှာ စတင် တာဝန်ယူတဲ့ သမ္မတတွေ အတွက် ၄ နှစ် သက်တမ်းနဲ့ နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ဖို့၊ သမ္မတ ရွေးကောက်ပွဲတွေအတွက် နှစ်ကျော့ ကျင်းပတဲ့စနစ် ကျင့်သုံးရေးနဲ့ဝန်ကြီးချုပ်ကို လွှတ်တော်က အမည်စာရင်း တင်သွင်းဖို့ အဆိုပြုထားပါတယ်။
သမ္မတရဲ့ တာဝန်ခံမှုကို အားပိုကောင်းလာအောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာတွေကိုတော့ ဗဟို ချုပ်ကိုင်မှု မရှိအောင် လုပ်ဆောင်ရမယ်လို့ သူက မေ ၁၈ ရက်မှာ ပြောကြားထားပါတယ်။
ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီ PPP က သမ္မတရွေးကောက်ပွဲ အတွက် အမည်စာရင်း တင်သွင်းထားရသူ ကင်မွန်ဆူးကလည်း အနာဂတ်သမ္မတတွေအတွက်က် ၄ နှစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အဆိုပြုထားပါတယ်။
ကင်မွန်ဆူးက သူသာ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် သူ့ရဲ့ ရာထူး သက်တမ်းကို ၃ နှစ်အထိ လျှော့ချသွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters