ကွာလာလမ်ပူ မေ ၂၆

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မေ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ရေး ကိစ္စနဲ့ စပ်လျဉ်းပြီး တိုးချဲ့အလွတ်သဘော ညှိနှိုင်းအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆီ လူသားချင်း စာနာထောက်ထားရေးအကူအညီတွေကို ဆက်လက်ပေးအပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွ ဖြစ်ပေါ်လာစေရေး ဖြေရှင်း ဆောင်ရွက်တဲ့နေရာမှာ မလေးရှားနိုင်ငံက ဦးဆောင်တဲ့ ကြိုးပမ်းမှုတွေကို ခိုင်ခိုင်မာမာ ထောက်ခံတဲ့အကြောင်းလည်း တက်ရောက်လာတဲ့ ဝန်ကြီးတွေက ပြောဆိုခဲ့ကြတာပါ။

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ပရက်ဆော့ခွန်းရဲ့ ဆွေးနွေးချက်ထဲမှာတော့ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ရေး ကိစ္စကို တိုးမြှင့် ဆောင်ရွက်တဲ့နေရာမှာ အာဆီယံရဲ့ စုစည်းညီညာတဲ့ ကြိုးပမ်းမှုတွေရဲ့ ကမ္ဘောဒီးယားလည်း ပူးပေါင်းပါဝင်မယ့်အကြောင်း ကတိပြုသွားခဲ့တာပါ။

မြန်မာနိုင်ငံက သက်ဆိုင်သူ အစုအဖွဲ့အားလုံးနဲ့ ချိတ်ဆက်ဖို့ အာဆီယံ ဥက္ကဌခန့်အပ်ထားတဲ့ အထူးသံတမန်ရဲ့ အရေးကြီးတဲ့ အခန်းအခန်းကဏ္ဍကို အလေးပေးပြောဆိုခဲ့ကြပါတယ်။ နောက်ပြီး ယုံကြည်မှု တည်ဆောက်ပြီး အပစ်ရပ်ဖို့၊ ထိရောက်မှုရှိတဲ့ လူသားစာနာ အကူအညီတွေ ပေးနိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးတွေ ဆောင်ရွက်နိုင်ဖို့ အဲဒီ သက်ဆိုင်သူ အစုအဖွဲ့အားလုံးကို တွန်းအားပေးသွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဌ မလေးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူးဟောင်း ဆန်စရီ အော့မန် ဟာရှင်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ထားပါတယ်။ မလေးရှားနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားစာနာအရေး အကျပ်အတည်းတွေအတွက် ငြိမ်းချမ်းပြီး တာရှည်ခံမယ့် အဖြေတစ်ခုအတွက် ထောက်ခံပေးမယ့်အကြောင်း ထပ်မံ ကတိပြုထားပါတယ်။

Ref:khmertimeskh

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.