ညောင်လေးပင်၊ မေ ၂၅

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က ရွှေကျင်မြို့နယ် သံဆိပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ထင်ကျော်ရော်ဘာခြံ နတ်စဉ်တံတားကနေ စောင့်ဆိုင်းပြီး ခရီးသွားလာနေတဲ့ ဒေသခံပြည်သူတွေကို အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဝိုင်ကျွန်းကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဦးမင်းအောင်၊ တပင်ချောင်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းဌေးတို့ သေဆုံးခဲ့ရပြီး တပင်ချောင်းကျေးရွာနေ အသက် ၂၁ နှစ်အရွယ် အောင်ဇေယျာထွန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ မေ ၂၃ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် မတောကုန်းကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၃ နှစ်အရွယ် ဒေါ်စန်းကြည်နဲ့ စစ်ဘေးလာရှောင်နေတဲ့ အသက် ၇၅ နှစ်အရွယ် ဒေါ်အေးရွှေတို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း ကျောက်ကြီးမြို့နယ်နဲ့ရွှေကျင်မြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.