မော်လမြိုင် ၊ မေ ၂၅
ပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့ ရာမညမွန်တပ်တော် RMA ကို ဘဝတူတော်လှန်ရေး မဟာမိတ်အဖြစ် သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တအာင်းတပ်တော် TNLA က ကြေညာလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး တပ်ဖွဲ့နှစ်ခုကို ရာမညမွန်တပ်တော် RMA အဖြစ် ဖွဲ့စည်းလိုက်တဲ့အပေါ် တအာင်းတပ်တော်/ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဗဟိုဌာနချုပ်က သဘောထား ထုတ်ပြန်လာပါတယ်။
တအာင်းတပ်တော်/ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဗဟိုဌာနချုပ်က ရာမညမွန်တပ်တော် ဖွဲ့စည်းမှုအပေါ် ကြိုဆိုဂုဏ်ပြုကြောင်းနဲ့ ရာမညမွန်တပ်တော် ထူထောင်မှုဟာ မှန်ကန်တဲ့ တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်ရှိလာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော်ကို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ် ထွန်းရေး ရည်ရွယ်ချက်နဲ့ မေ ၂၄ ရက်နေ့မှာ ပေါင်းစည်းခဲ့ပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ MLA တို့ တပ်တော်တစ်ခုအဖြစ် စုဖွဲ့လိုက်တာပါ။
မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တို့ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။
အဲဒီထဲက မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဝင်တွေထဲက ၉ ဦးကို ရွေးချယ်ပြီး ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်းနဲ့ အတွင်းရေးမှူး နိုင်ဗညားလယ်တို့လည်း ပါဝင်ပါတယ်။
ရာမညမွန်တပ်တော် RMA ရဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးကော်မတီ ဦးဆောင်မှုနဲ့ အဖွဲ့ ဝင် ၇ ဦး ပါတဲ့ စစ်ကော်မတီကိုလည်း ဖွဲ့ စည်းခဲ့တာပါ။
စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနဲ့ ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့ကို ခန့်အပ်တာဝန်ပေးထားတယ်လို့ နှစ်ဘက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ် ငြိမ်းရေးအတွက် မွန်ပြည်သစ်ပါတီ AD ၊ ရာမညမွန်တပ်တော် RMA တို့ အဖိနှိပ်ခံ ဘဝတူ တိုင်း ရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA