မော်လမြိုင် ၊ မေ ၂၅

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် တချို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ကားအပါအဝင် ဆိုင်ကယ်တွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန် ကြားချက်ကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းနေမှုတွေကို ဖော်ထုတ်ရမှာဖြစ်ပြီး နံပါတ်ပြား အတုပြုလုပ်တာ၊ လိုင်စင်အတု ပြုလုပ်တာတွေကို တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ပါဝင် ပတ်သက်နေသူ အားလုံးကို စိစစ်ဖော်ထုတ် အရေးယူဖို့ ညွှန်ကြားခဲ့တာပါ။

လိုင်စင်မဲ့ယာဉ် စီးနင်းမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခများစွာ နစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲဖြစ်ပေါ်နိုင်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် လိုင်စင်မဲ့ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ် စီးနင်းမှု မရှိစေရေးအတွက် ကြပ်မတ်ဖို့ ညွှန်ကြားထားပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးက လိုင်စင်မဲ့ယာဉ်တွေကို နေအိမ်အထိ ရှောင်တ ခင် ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်လာတယ်လို့ ပြောပါတယ်။

“သူတို့ကဘာလုပ်လဲဆိုတော့ လုံခြုံရေးအရပေါ့၊ ဒီမှာ လိုင်စင်မဲ့ယာဉ်တွေနဲ့သူတို့ဘက်က လူတွေကို ပစ်တာခတ်တာတွေ လုပ်လာတယ် ဆိုပြီးတော့ အကြောင်းပြချက်နဲ့ သူတို့အိမ်တွေမှာ ရှောင် တခင် ဝင်စစ်တာတို့ ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ညဘက်ကို လူရှာတာမဟုတ်ဘဲနဲ့ အဲဒီလိုမျိုး လိုင်စင်မဲ့ဆိုင်ကယ်တို့ လိုင်စင်မဲ့ကားတို့ ရှိမရှိ စစ်ဆေးတာတို့တော့ လုပ်လာတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးဖို့ ပြောပြီးနောက် လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးမှု ပိုမိုတင်းကျပ်လာသလို ညပိုင်းအချိန်အထိ လိုင်စင် ရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကတော့ စစ်ကောင်စီက စီမံချက်ပုံစံနဲ့ လိုင် စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေသလို ညဘက်အချိန်တွေမှာလည်း ဧည့်စာရင်းဝင်စစ်ပြီး လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးတာ ရှိတယ်လို့ ပြောပါတယ်။

“ဖမ်းတယ်ဆိုတာကတော့ သူတို့ စီမံချက် ရှိရင်တော့ ဖမ်းတာပဲ။ လိုင်စင်လည်း ဖမ်းတာပဲ။ နှစ်ယောက်စီးလည်း ဖမ်းတာပဲ။ ရှိသမျှ ကားတွေရော ဆိုင်ကယ်တွေရော နှစ်ယောက်စီးတာတွေရော လိုင်စင် ရှိမရှိ အဲဒီလိုပေါ့။ ညကျလို့ရှိရင် နည်းနည်းပါးပါးတော့ တစ်ခါတလေ ကျရင် ဧည့်စာရင်း စစ်တာတွေတော့ ရှိတာပေါ့၊ ဆိုင်ကယ်တို့ ကားတို့ လိုင်စင်မဲ့ဖမ်းတာတို့ အဲဒီလိုပေါ့”လို့ ဆိုပါတယ်။

လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးခံရပါက စစ်ကောင်စီနဲ့ နီးစပ်သူအသိရှိရင် ငွေကြေး သိန်းနဲ့ချီ ပေးလိုက်ပါက ပြန်လွှတ်ပေးတာတွေ ရှိပေမယ့် စစ်ကောင်စီနဲ့ နီးစပ်သူ အသိ မရှိပါက သိမ်းဆည်းခံရတာတွေ ရှိနေပါတယ်။

ဒေသတွင်းမှာတော့ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို တင်းတင်းကျပ်ကျပ် ပြုလုပ်နေတဲ့အတွက် လမ်းသွားဖို့တောင် အခက်အခဲရှိလာသလို မော်တော်ယာဉ်အပြင် လူပါ ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုဟာ စစ်ကောင်စီတပ်၊ ရဲအပြင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စားပေါက် ဖန်တီးပေးတာဖြစ်ပြီး လိုင်စင်မဲ့ယာဉ် အများစုကို စစ်ကောင်စီဝန်ထမ်းတွေကသာ အ သုံးပြုနေတယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မေ ၂၂ ရက်နေ့က ရေး၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်မှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အညီ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.