ဂါဟိုးဘာရူး၊ မေ ၂၄

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ သမီး နူရူ အီဇာဟာ အာဏာရ PKR ပါတီရဲ့ ဒုဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီးနောက် ဖခင်ဖြစ်သူ အန်ဝါရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ထွက်ပေါ်လာပါတယ်။

ဝန်ကြီးချုပ် အန်ဝါရဲ့ အကြီးဆုံးသမီး အသက် ၄၄ နှစ် အရွယ် အီဇာဟာ ပါတီ ဒုဥက္ကဋ္ဌ ရာထူးအတွက် ပထမဆုံး ရွေးကောက်ပွဲ ဝင်ပြိုင်တာမှာ လက်ရှိဒုဥက္ကဋ္ဌ ရာဖီဇီ ရမ်လီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ မဲဆွယ်စည်းရုံးမှုအတွင်း သူတို့ နှစ်ယောက်လုံးက အစိုးရရဲ့ လုပ်ရပ် တချို့နဲ့ မူဝါဒတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

PKR ပါတီတွင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဇာလီဟာ မူစတာဖာက အီဇာဟာ မဲ အပြတ်အသတ်နဲ့ ရမ်လီကို အနိုင်ရခဲ့ကြောင်း မေ ၂၃ ရက် ပါတီ အစည်းအဝေးမှာ ကြေညာပါတယ်။

အီဇာဟာ ပါတီအကြီးအကဲ ၂၂၂ ဦးအနက် ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုကို ရရှိထားတာကြောင့် အနိုင်ရဖို့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးဝန်ကြီး ရမ်လီကတော့ အဲဒီ ရာထူးနေရာအတွက် တတိယ အကြိမ် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အခု သူ့ရဲ့ ရှုံးနိမ့်မှုဟာ ၂၀၁၈ ခုနှစ် နောက်ပိုင်း ဒုတိယအကြိမ် ရှုံးနိမ့်မှု ဖြစ်ပါတယ်။

မဲဆွယ်ကာလအတွင်း အီဇာကရော ရမ်လီကပါ အန်ဝါရဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်ကို ဝေဖန်ခဲ့ကြပါတယ်။

ပါတီ ဒုဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အနိုင်ရသူဟာ အန်ဝါရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံနိုင်သူ အဖြစ် အများက ရှုမြင်ထားကြတာ ဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ ရာထူးကို သက်တမ်း နှစ်ကြိမ်တည်း ထမ်းဆောင်ရမယ်လို့ သတ်မှတ်ထားတာကြောင့် ဝန်ကြီးချုပ် အန်ဝါရဲ့ လက်ရှိ ဥက္ကဋ္ဌ ရာထူး သက်တမ်းဟာ နောက်ဆုံး ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.