ဘုတ်ပြင်း၊ မေ ၂၄

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ လေညာတပ်နယ်က လက်နက်ကြီး ပစ်ခတ်ရာကနေ တစ်မိုင်ခွဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ ကျော်အရွယ် ဦးဘိုဟိန်းမှာ ညာဖက်နား ရွက် ပြတ်တောက်ဒဏ်ရာနဲ့ အခြားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို ညတွင်းချင်း ပြည်ကြီးမဏ္ဍိုင်မြို့ ပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လေညာတပ်နယ်က ဖြတ်သန်းခွင့် မပြုတာကြောင့် လေညာကျေးရွာမှာ ညအိပ်ခဲ့ရပြီး နောက်နေ့ မနက်ပိုင်းမှသာ ပြည်ကြီးမဏ္ဍိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဦးဘိုဟိန်းဟာ လက်နက်ကြီး ထိမှန်ဒဏ်ရာကြောင့် ဦးနှောက်အာရုံကြောတွေ ထိခိုက်မှုရှိခဲ့ပြီး စိတ်မမှန်တာတွေ ဖြစ်ပေါ်နေတာကြောင့် မြိတ်ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးနဲ့ စာသင်ကျောင်းတစ်ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.