ကော့ကရိတ်၊ မေ ၂၄

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဘလယ်ဒိုကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။

ဘလယ်ဒိုစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက မေ ၂၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ဘလယ်ဒိုစခန်းမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန်ခုခံပေမေယ့် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ထိုင်းနယ်စပ်အနီး မြဝတီမြို့နယ် တောင်ဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘလယ်ဒို၊ သေဘောဘိုး၊ မော်ခီး၊ ကနဲလေးစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မေ ၂၁ ရက်နေ့ကစလို့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာ ဖြစ်ပါတယ်။

နယ်စပ်ဒေသထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ထိုင်းစစ်တပ်ဟာ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ချထားပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

ဘလယ်ဒိုစခန်းသိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.