တိုကျို၊ မေ ၂၄

စျေးပိုသက်သာတဲ့ နိုင်ငံခြား အမှတ်တံဆိပ်တွေကို ပြောင်းလဲ မသုံးစွဲစေရေး ဂျပန် စိုက်ပျိုးရေးဝန်ကြီး အသစ်က အစိုးရ သိုလှောင်ထားတဲ့ ဆန်တွေကို ဆိုင်တွေဆီ အလျင်အမြန် ပို့ဆောင်ပြီး လက်ရှိ စျေးနှုန်းထက် လျှော့ရောင်းပေးသွားမယ်လို့ မေ ၂၃ ရက်မှာ ကတိပေးလိုက်ပါတယ်။

အင်မတန် ပူပြင်းတဲ့ အပူချိန်နဲ့ နိုင်ငံခြားသား ဝင်ရောက်မှု ပိုများလာတာကြောင့် ဆန်ဝယ်လိုအား မြင့်တက်လာလို့ ဂျပန်မှာ ဆန်စျေး အဆမတန် မြင့်တက်လာခဲ့တာပါ။

အဲဒီလို ဆန်စျေး မြင့်တက်လာမှုကြောင့် စားသုံးသူတွေအပြင် လာမယ့်ဇူလိုင်လမှာ အထက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့ အစိုးရကလည်း စိုးရိမ်နေပါတယ်။

အစိုးရ သိုလှောင်ထားတဲ့ ဆန်တချို့ကို မတ်လကတည်းက ထုတ်ရောင်း ပေးခဲ့ပေမယ့် စူပါမားကတ်တွေမှာ ဆန်စျေးပြန်ကျအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ဆန်စျေး အဆမတန် မြင့်တက်နေချိန်မှာ ဂျပန် စိုက်ပျိုးရေးဝန်ကြီးဟောင်းက သူ့မှာ တံစိုးလက်ဆောင်ပေးတဲ့ ဆန်တွေ ရရှိနေတာကြောင့် ဆန်ဝယ်စားစရာ မလိုဘူးလို့ ပြောခဲ့မိပြီးနောက် ရာထူးက နုတ်ထွက် သွားခဲ့ရပါတယ်။

စိုက်ပျိုးရေးဝန်ကြီး အသစ် ဖြစ်လာသူ ရှင်ဂျီရို ကိုအီဇုမိက ဂျပန် စူပါ မားကတ်တွေဟာ ကြီးလေးတဲ့ အခွန်တွေ ပေးရမှာကို သိသိကြီးနဲ့ အမေရိကန်ဆီက ဆန်တိုက်ရိုက် ဝယ်ယူနေကြတာဟာ ပုံမှန် မဟုတ်တဲ့ ကိစ္စဖြစ်တယ်လို့ မီဒီယာသို့ ပြောကြားထားပါတယ်။

ဒီအခြေအနေ ပြေလည်သွားအောင် မိမိတို့ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောတာပါ။

ဂျပန်ဟာ သမိုင်းကြောင်းအရ ဆန်ကို ပြည်ပကနေ တင်သွင်းယူဖို့ တုံ့ဆိုင်းနေခဲ့ပြီး ပြည်တွင်းမှာ လုံလောက်မှု ရှိအောင် ထုတ်လုပ်သလို လယ်သမားတွေ ပြိုင်ဆိုင်မှု မရှိစေရေး အခွန်တွေ တိုးကောက်ပြီး ကာကွယ်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဂျူနီရှီရို ကိုအိဇုမိရဲ့ သားဖြစ်သူ စိုက်ပျိုးရေး ဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက အစိုးရ သိမ်းထားတဲ့ ဆန်တွေကို ဇွန်လ အစောဆုံးထားပြီး ၅ ကီလိုကို ၂၁ ဒေါ်လာ (ယန်း ၃၀၀၀) အောက်နဲ့ ရောင်းချနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

မေ ၁၁ ရက်မှာ အဆုံးသတ်တဲ့ ၇ ရက်တာအတွင်း ဆန်စျေးနှုန်းဟာ ၅ ကီလိုကို ၄၂၆၈ ယန်းအထိ ပေးဝယ်နေကြရတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.