မကွေး မေ ၂၄

မကွေးတိုင်း စလင်းမြို့ပေါ်က စစ်ကောင်စီအထိုင်ချရာနေရာတွေတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံ​ရေး တင်းကြပ်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကနေ သိရပါတယ်။

မေ ၂၄ ရက် မနက်ပိုင်းမှာ စလင်းမြို့မရဲစခန်း ဗဟိုကင်း အဆောက်အဦ၊ ရုံးပေါင်းစုံနဲ့ လင်းဇင်းရဲစခန်းတို့ကို တိုက်ခိုက်ခံခဲ့ရတာပါ။

“စစ်ကောင်စီဘက်က အင်အားထပ်တိုးထားပြီး မြို့ပေါ်ကင်းပတ်စစ်ဆေးနေတယ်။ စစ်ရှောင်နေရတဲ့ ရွာတွေလည်း များပါတယ်။” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းမြို့နယ်က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စလင်းမြို့မ ရဲစခန်း ဗဟိုကင်း အဆောက်အဦနဲ့ ရုံးပေါင်းစုံက စစ်ကောင်စီ အထိုင်ချနေရာတွေကို တိုက်ခိုက်ချိန်မှာ ၁ နာရီ ၃၀ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စလင်းမြို့နယ် လင်းဇင်းနယ်မြေ ရဲစခန်းကို လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့လို့ ရဲစခန်းအတွင်း အ​​​​​ဆောက်အဦတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ ခလရ ၂၅၃၊၂၅၄ တပ်တွေက အင်အားတွေ စလင်းမြို့ပေါ်မှာ ထပ်မံဖြည့်တင်းထားပြီး မြို့ကိုကင်းပတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စလင်းမြို့နယ်မှာ ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိလာပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.