မော်လမြိုင် ၊ မေ ၂၄
မြန်မာ့အရေး လုပ်ငန်းစဉ်သစ်တစ်ရပ်ကို အတည်ပြုချမှတ်နိုင်ရေးအတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ဦးစီးဦးဆောင်ပြုရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က တိုက်တွန်းပါတယ်။
အသုံးမဝင်တော့တဲ့ အာဆီယံဘုံသဘောတူညီမှု ၅ ချက်ကို စွန့်ပယ်ပြီး မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဦးစားပေးလုပ် ဆောင်ဖို့ လုပ်ငန်းစဉ်သစ်ငါးရပ်ကို SAC-M က မေ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အာဆီယံက စစ်အုပ်စုအပါအဝင် NUG ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အခြားလက်နက် ကိုင်အဖွဲ့တွေကြား အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ ခေါ်ယူကျင်းပပြီး အဲဒီကတဆင့် တိုက်ခိုက်မှုအားလုံး အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကို ချက်ချင်းအဆုံးသတ်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ ထောက်ခံပြီး လိုက်နာကျင့်သုံးရမယ့် တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း ဖော်ဆောင်ကာ အဲဒီအတွက် နိုင်ငံတကာလေ့လာသူတွေက စောင့်ကြည့်စစ်ဆေးရမယ်လို့ ဖော်ပြပါတယ်။
မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအပါအဝင် အဓိက သက်ဆိုင်သူအစုအဖွဲ့အားလုံးနဲ့ အာဆီယံက ညှိနှိုင်းဆောင်ရွက်ပြီး လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လက်နက်သဖွယ်အသုံးမချဖို့ စောင့်ကြည့်ကြပ်မတ်ကာ နယ်မြေအားလုံးကို အ ဟန့်အတားမရှိ အပြည့်အဝဝင်ရောက်ခွင့်ပြုရမှာပါ။
ရွေးကောက်ပွဲမကျင်းပမီ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ဦးစွာရှိရမှာဖြစ်ပြီး တိုက်ခိုက်မှုအားလုံးကို လုံးဝရပ်တန့်ရမှာဖြစ်ပါတယ်။ အဲဒါတွေ ပြည့်စုံမှသာ ကျင်းပမယ့် ရွေး ကောက်ပွဲအတွက် အာဆီယံက သက်ဆိုင်သူအားလုံးကို ထောက်ပံ့ကူညီရမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပရာမှာလည်း လွတ်လပ်တဲ့ နိုင်ငံတကာလေ့လာသူတွေရဲ့ စောင့်ကြည့်မှုနဲ့ စစ်မှန်ပြီး ယုံကြည်စိတ်ချရတဲ့ တစ်နိုင်ငံလုံးအဆင့် ရွေးကောက်ပွဲတွေဖြစ်မှသာ ကျင်းပလို့ ရနိုင်မယ့် တစ်ခုတည်းသော အခြေအနေလို့ SAC-M ထောက်ပြထားတာပါ။
တစ်ဘက်မှာ အာဆီယံက မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ညှိနှိုင်းရေးဆွဲရာမှာ သက်ဆိုင်သူအားလုံးကို ထောက်ပံ့ကူညီရမှာဖြစ်ပြီး အဲဒီဥပဒေဟာ လူထုဆန္ဒနဲ့ အကျိုးစီးပွားတွေကို အခြေခံကာ အသိုင်းအဝိုင်းအားလုံးနဲ့ အကျုံးဝင်ပါဝင်မှုရှိတဲ့အချက်နဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က ဘယ်လိုပုံစံနဲ့ တည်ရှိနေပါစေ ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ထားတဲ့ အရပ်သားအစိုးရနဲ့ လွှတ်တော်အောက်မှာ ထာဝရလက်အောက်ခံဖြစ်စေရမယ်ဆိုတာကလည်း အဓိကကျတဲ့ လိုအပ်ချက်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အာဆီယံအနေနဲ့ ပဋိပက္ခမှာ ပါဝင်သူအားလုံးက မြန်မာနိုင်မှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တာဝန်ယူတာဝန်ခံမှုရှိရေးကို ထောက်ပံ့ကူညီရမှာဖြစ်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေး နိုင်ငံတကာနဲ့ ပြည်တွင်းတရားရုံးတွေ ယန္တရားတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားရမယ်လို့ SAC-M က ပြောပါတယ်။
အဲဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ ကမ္ဘာ့နေရာတိုင်းမှာ တရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးတဲ့ တရားရုံးတွေလည်းပါဝင်သလို နိုင်ငံတကာရာဇဝတ်မှုတွေ ကြီးလေးတဲ့ ချိုးဖောက်မှုတွေနဲ့ မတော်မတရား ပြုမှုတွေအတွက် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် လုံးဝရှိရမှာမဟုတ်ဘူးလို့ တိုက်တွန်းထားတာပါ။
မေ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့မှာ ကျင်းပသွားမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အားလုံးပါဝင်နိုင်မှုနဲ့ တည်တံ့ခိုင်မြဲမှုဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆွေးနွေးဖို့လည်း ရှိနေတာပါ။
အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် မလေးရှားဝန်ကြီးချုပ်အန်ဝါက မြန်မာစစ်အစိုးရနဲ့ ဖြုတ်ချခံထားရတဲ့ အစိုးရတို့ကြား တွေ့ဆုံဆွေးနွေးဖို့ အချိန်တန်ပြီလို့ မေ ၂၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်အန်ဝါက ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံခဲ့ပြီး တစ်ရက်အကြာမှာ အမျိုးသားညီညွတ်ရေးအ စိုးရ NUG နဲ့ အွန်လိုင်းကနေ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AFP