ဝါရှင်တန်၊ မေ ၂၃
အမေရိကန်ရဲ့ သက်တမ်း အရင့်ဆုံး ဟားဗက်တက္ကသိုလ်နဲ့ လိပ်ခဲတည်းလည်း အခြေအနေ အရှိန်မြင့်တက်လာချိန်မှာ နိုင်ငံတကာ ကျောင်းသားတွေ အဲဒီတက္ကသိုလ်မှာ ကျောင်းလျှောက်ထားမှု အဆုံးသတ်ရေး သမ္မတ ဒေါ်နယ် ထရန့် အစိုးရက လုပ်ဆောင်လိုက်ပါတယ်။
ဥပဒေလိုက်နာဖို့ ပျက်ကွက်တဲ့အတွက် ဟားဗက်တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို အစိုးရက ရုတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ပြည်ထဲရေးရာ လုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်က ပြောပါတယ်။

ဒီလိုလုပ်တာက အမေရိကန်နိုင်ငံ တဝန်းရှိ တက္ကသိုလ်တွေနဲ့ ပညာရေး အဖွဲ့အစည်း အားလုံးကို သတိပေးလိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အစိုးရရဲ့ လုပ်ရပ် တရားမဝင်ဘူးလို့ ဟားဗက်တက္ကသိုလ်ရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
နိုင်ငံပေါင်း ၁၄၀ ကျော်က ကျောင်းသားတွေနဲ့ ပညာရှင်တွေကို လက်ခံရေး မိမိတို့ ဆက်လက် ကတိပြုထားဆဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထရန့် အစိုးရရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် အဲဒီတက္ကသိုလ်မှာ ပညာသင်နေတဲ့ နိုင်ငံတကာကျောင်းသား ထောင်နဲ့ချီပြီး ထိခိုက်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ပညာသင်နှစ်အတွင်း ဟားဗက်တက္ကသိုလ်မှာ နိုင်ငံတကာ ကျောင်းသား ၆၇၀၀ ကျော် တက်ရောက်ခဲ့ပြီး စုစုပေါင်း ကျောင်းသား အရေအတွက်ရဲ့ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။
ထရန့် အစိုးရရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက် နိုင်ငံတကာ ကျောင်းသားတွေကြား စိတ်ပျက်မှုတွေ ဖြစ်ပေါ်ပြီး သတင်းလည်း လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။
ကျောင်းပြီးဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ ကျောင်းသားတချို့ဟာ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် အနာဂတ် မသေချာ ဖြစ်သွားခဲ့ရပါတယ်။
အိမ်ဖြူတော်နဲ့ ဟားဗက်ကြားတိုက်ပွဲမှာ တက္ကသိုလ်ကျောင်းသားတွေဟာ ဖဲချပ်တွေလို အသုံးချခံနေရတယ်လို့ ဆွီဒင်နိုင်ငံက အသက် ၂၂ နှစ် အရွယ် ကျောင်းသား တစ်ဦးက ပြောပါတယ်။
ထရန့် အစိုးရက နိုင်ငံတဝန်းမှာရှိတဲ့ တက္ကသိုလ် ဒါဇင်ပေါင်းများစွာကို စုံစမ်း စစ်ဆေးနေပြီး ဟားဗက်တက္ကသိုလ်ဆီ ရှည်လျားတဲ့ ဥပဒေ ဆိုင်ရာ တောင်းဆိုမှုတွေ ပေးပို့ခဲ့ပါတယ်။
အိမ်ဖြူတော်က နောက်ပိုင်းမှာတော့ မှားယွင်း ပေးပို့မိတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref:BBC