တီဟီရန်၊ မေ ၂၃
အစ္စရေးက တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက တိုက်ခိုက်လာရင် အမေရိကန်ကို တာဝန်ခံခိုင်းမှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက သတိပေး လိုက်ပါတယ်။
အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုနဲ့ပတ်သက်လို့ သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်ပွားနေချိန် အီရန်နဲ့ အစ္စရေးရဲ့ အဓိက မဟာမိတ် အမေရိကန်တို့ မေ ၂၃ ရက်မှာ ပဉ္စမအကြိမ် ဆွေးနွေးဖို့ ရှိနေပါတယ်။

အီရန်ဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ နျူကလီးယား သဘောတူညီမှု ပျက်ပြယ်ပြီးနောက်မှာ ယူရေနီယံ သန့်စင်ထုတ်လုပ်မှု တိုးမြှင့် ပြုလုပ်နေပြီး ဒါဟာ နျူကလီးယားဗုံး ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက သံသယ ရှိနေတာပါ။
တီဟီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ အရပ်ဖက်အတွက် ဖြစ်ပြီး နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောထားပါတယ်။
အစ္စရေးက ပေးလာနိုင်တဲ့ အန္တရာယ်အားလုံးကို အီရန်အနေနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်မှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက ပြောပါတယ်။

အစ္စရေးရဲ့ ခြိမ်းခြောက်မှုတွေကို ကြိုတင် ကာကွယ်ရေး နိုင်ငံတကာကို တိုက်တွန်းကြောင်း ဝန်ကြီး အရာချီက ပြောပါတယ်။
အစ္စရေးက တိုက်ခိုက်လာခဲ့ရင် ဝါရှင်တန်လည်း ပူးပေါင်းပါဝင်တယ်လို့ အီရန်အနေနဲ့ ယူဆမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အီရန်ရှိ နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်ဖို့ အစ္စရေးက စီစဉ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းရရှိထားကြောင်း CNN က ဖော်ပြခဲ့တာပါ။
အစ္စရေးက အမေရိကန်နဲ့ အီရန်ကြား နျူကလီးယား သဘောတူညီမှု ရယူမယ့် အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်နေတယ်လို့ ဆိုပါတယ်။
Ref:Al Jazeera